Home
မြန်မာသတင်း
ကျေးရွာတွင်းဖြတ်၍ NEP လျှပ်စစ်သွယ်တန်းမှုကို တားမြစ်ကန့်ကွက်
Aung Ko Latt
·
November 25, 2018
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ ညောင်ဖြူပင်အုပ်စု၊ မှန်ရိုးကုန်းကျေးရွာနှင့် ကျောင်းစုကျေးရွာကို အမျိုးသားဓာတ်အားရရှိရေးအစီအစဉ် (NEP) နဲ့ မြို့နယ်လျှပ်စစ်ကနေ နိုဝင်ဘာ ၂၅ ရက်နေ့က လျှပ်စစ်မီးတိုင် စိုက်ထူသွယ်တန်းဖို့ လုပ်ဆောင်တာကို ကျေးရွာသူ/သားတွေက တားမြစ်ခဲ့ကြပါတယ်။ မှန်ရိုးကုန်းကျေးရွာ ဒေသခံတဦးက “လာတာတော့ ရဲတွေရော၊ အချုပ်ကားတွေရော၊ ဒိုင်းကာတွေနဲ့ရော သွယ်ဆူးကြိုးတွေနဲ့ရော လာကြတာ။ ရွာက ဟာတွေကတော့ ဒီတိုင်း မလုပ်ဖို့ရာ ပိတ်ရပ်ပြီး တားတာပဲရှိတာ။ ဘုန်းကြီးကျောင်းခေါ်ပြီး တွေ့ဆုံတယ်။ မညှိရသေးလို့ဆိုပြီး ပြန်သွားကြတယ်။ အဓိကက မီးကြိုးကျလို့ရှိရင် လောင်တာတွေဘာတွေနဲ့မို့ကြောက်တဲ့အတွက် ရွာထဲကတော့ မဖြတ်နဲ့၊ ရွာပြင်ကဖြတ်လို့ပြောတာ။ ဒါကို သူတို့က ရွာထဲကပဲ ဖြတ်ချင်တာလို့ ပြောတာ”လို့ ပြောပါတယ်။ မှန်ရိုးကုန်းကျေးရွာကိုဖြတ်ပြီး ကျောင်းစုကျေးရွာကို မီးသွယ်တန်းမယ့်ကိစ္စကို မှန်ရိုးကုန်းကျေးရွာက ဦးမျိုးမြင့်ပါ ၁၇ ဦးက ကျေးရွာကဖြတ်ရင် လျှပ်စစ်အန္တရာယ်ကြုံရနိုင်လို့ ကန့်ကွက်ကြောင်းနဲ့ ယာခင်းတွေအတွင်းကနေဖြတ်ဖို့ နိုင်ငံတော်အတိုင်ပင်ခံရုံးကို တင်ပြခဲ့ပြီး နိုင်ငံတော်အတိုင်ပင်ခံရုံးကလည်း လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနက ကျေးရွာမီးလင်းရေးကော်မတီနဲ့ ညှိနှိုင်းဆောင်ရွက်သွားမယ်ဆိုပြီး အကြောင်းပြန်ကြားခဲ့ပါတယ်။ တိုင်းအစိုးရဝန်ကြီးချုပ်ကတော့ ဓာတ်အားလိုင်းဖြတ်ရာမှာ လျှပ်စစ်အန္တရာယ်ရှိမရှိ စိစစ်ဖို့နဲ့ ကျေးရွာမီးလင်းရေးကော်မတီနဲ့ညှိနှိုင်းပြီး လုပ်ထုံးလုပ်နည်းနဲ့အညီ ဆက်လက်ဆောင်ရွက်ဖို့ ညွှန်ကြားထားတယ်လို့ သိရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး မြို့နယ်လျှပ်စစ်ဖြန့်ဖြူးရေးလုပ်ငန်းက မန်နေဂျာ ဦးဇော်ဇော်ကိုတော့ ဆက်သွယ်လို့ မရရှိသေးပါဘူး။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024