A d v e r t i s e m e n t With Us

မူးယစ်ကုန်ကူးမှုစွဲချက်ဖြင့် ဟွန်ဒူးရပ်သမ္မတ၏ ညီဖြစ်သူ ဖမ်းဆီးခံရ

ဟွန်ဒူးရပ်စ်သမ္မတ ဟွမ်အော်လန်ဒိုဟာနန်ဒဲ့ဇ်ရဲ့ ညီတယောက်ကို မူးယစ်ကုန်ကူးမှု စွဲချက်နဲ့ အမေရိကန်နိုင်ငံမှာ နိုဝင်ဘာ ၂၄ ရက်က ဖမ်းလိုက်တယ်လို့ ဟွန်ဒူးရပ်စ် အစိုးရက ပြောပါတယ်။ အသက် ၄၀ အရွယ် ရှေ့နေနဲ့ အာဏာရပါတီရဲ့ အမတ်ဟောင်း ဟွမ်အန်တိုနီယို ဟာနန်ဒဲ့ဇ်ကို အမေရိကန် အာဏာပိုင်တွေက မိုင်ယာမီမြို့မှာ ဖမ်းခဲ့တာလို့ သမ္မတရုံးက ကြေညာချက် ထုတ်ပြန်ပါတယ်။ ဟွန်ဒူးရပ်စ် အောက်လွှတ်တော် အမတ် ၃ ယောက်လည်း မူးယစ်ကုန်ကူးမှုတွေမှာ ပါဝင်ပတ်သက်မှုနဲ့ အမေရိကန်နိုင်ငံထဲမှာ တရားစွဲ ခံထားရပါတယ်။ ဒါဟာ တမိသားစုလုံးအတွက် ကြီးမားတဲ့ ထိုးနှက်ချက်ပဲလို့ သမ္မတက သတင်းထောက်တွေကို ဇာတိမြို့ ဂရာစီးယပ်စ်မှာ ပြောပါတယ်။ တရားရေးစနစ်က သူ့ကိုယ်သူ ကာကွယ်ဖို့ နေရာပေးမယ်လို့ မျှော်လင့်တယ်။ မိသားစု အနေနဲ့ သူ့ကိုပံ့ပိုးဖို့ ကျနော်တို့ လုပ်နိုင်သမျှ အကုန်လုပ်မယ်လို့ သမ္မတက ပြောပါတယ်။ ကာချီရော့စ် မူးယစ်ဂိုဏ်းနဲ့ ပတ်သက်မှု စွဲချက်ဟောင်းကို သမ္မတရဲ့ ညီက ငြင်းခဲ့ပြီးပါပြီ။ ဂိုဏ်းခေါင်းဆောင် တယောက်ဟာ ၂၀၁၇ မတ်လမှာ ပြုလုပ်တဲ့ နယူးယောက်တရားခွင်မှာ အစစ်ခံချိန်က တိုနီဟာနန်ဒဲ့ဇ်ဟာ မူးယစ်ကုန်ကူးရာက ရတဲ့ငွေတွေကို ငွေဖြူလုပ်ရာမှာ ကူညီဖို့ လာဘ်ယူခဲ့တယ်လို့ ပြောခဲ့ပါတယ်။ ဟွန်ဒူးရပ်စ်နိုင်ငံကို ၂၀၁၀ ကနေ ၂၀၁၄ ခုနှစ်ကြား အုပ်ချုပ်ခဲ့တဲ့ သမ္မတဟောင်း ပေါ်ဖီရီယို လိုဘိုဟာလည်း အမေရိကန် တရားခွင်အတွင်း ကာချီရော့စ် ရာဇဝတ်ဂိုဏ်းနဲ့ ချိတ်ဆက်မှုနဲ့ စွဲချက်တင်ခံရဖူးပေမယ့်လည်း စွဲချက်ကို ငြင်းခဲ့ပါတယ်။ ဒါပေမယ့် သူ့သား တယောက်ကတော့ အမေရိကန် နိုင်ငံထဲ ကိုကင်းတင်သွင်းမှုမှာ ပါဝင်ကြောာင်း မနှစ်က အပြစ်ဝန်ခံခဲ့လို့ ထောင်ဒဏ် ၂၄ နှစ် ပြစ်ဒဏ် စီရင်ခံရပါတယ်။

A d v e r t i s e m e n t With Us

More News
Up