ခရစ္စမတ်သစ်ပင်တင် ခုံအများဆုံး စုဆောင်းနိုင်သူအဖြစ် ဂင်းနစ်မှတ်တမ်းဝင်ခဲ့သည့် အမျိုးသား

541
အမေရိကန်နိုင်ငံ ပင်ဆယ်ဗေးနီးယားပြည်နယ်က ခရစ္စမတ်သစ်ပင်လုပ်ငန်းလုပ်ကိုင်တဲ့ လုပ်ကိုင်ရှင်တဦးဟာ ခရစ္စမတ်သစ်ပင်နဲ့ ပတ်သတ်တဲ့ ကမ္ဘာ့ဂင်းနစ်စံချိန်တစ်ခု ရရှိလိုက်တယ်လို့ UPI သတင်းမှာ ဖော်ပြပါတယ်။
ဒီစံချိန်က နည်းနည်းတော့ထူးဆန်းပါတယ်။ အကြောင်းကတော့ ဒီလုပ်ငန်းဟာ ခရစ္စမတ်သစ်ပင် တင်တဲ့ ခုံအများဆုံး စုဆောင်းနိုင်သူအဖြစ် မှတ်တမ်းဝင်ခဲ့လို့ပဲဖြစ်ပါတယ်။
စတန်ခိုးလ်ဆိုတဲ့ အမျိုးသားတဦးပိုင်ဆိုင်တဲ့ Stony Hill Tree Farm လုပ်ငန်းက ဒီစံချိန်ကို ရရှိခဲ့တာဖြစ်ပြီး သူတို့ဟာ ခရစ္စမတ်သစ်ပင်တင်တဲ့ ခုံပေါင်း ၁၁၉၇ ခုကို ဂင်းနစ်အဖွဲ့ကို တင်ပြနိုင်ခဲ့လို့ ဖြစ်ပါတယ်။
ဒါ့ကြောင့် သူတို့ဟာ အခုချိန်မှာဆိုရင် ပုံမှန်မဟုတ်တဲ့ စုဆောင်းမှုအတွက် ကမ္ဘာ့ဂင်းနစ် မှတ်တမ်းကို ရရှိခဲ့ပါပြီ။
လုပ်ငန်းပိုင်ရှင် ခိုးလ်ရဲ့အဆိုအရ ဒီလိုပုံမှန် မဟုတ်တဲ့ စုဆောင်းမှုဟာ သူ့အဒေါ်တယောက် ဆုံးပါးသွားချိန် ၂၀၁၄ ခုနှစ်မှာ စခဲ့တာလို့ သိရပါတယ်။
ခိုးလ်နဲ့ သူ့ဆွေမျိုးသားချင်းတွေဟာ ဒီအိမ်ကိုရှင်းရင်းနဲ့ ခရစ္စမတ်သစ်ပင်တင်တဲ့ ခုံတွေ အများအပြားကို မြင်တွေ့ခဲ့ရပါတယ်။
“အဒေါ့်အိမ်မှာ ခရစ္စမတ်သစ်ပင်တင်တဲ့ ခုံတွေ အမြောက်အမြားတွေ့ခဲ့ရပါတယ်။ အဲ့ဒီအချိန်ကစလို့ ကျနော်ဟာ ဒီလုပ်ငန်းကို စိတ်ဝင်စားသွားခဲ့တာဖြစ်ပြီး ကျနော့် ညီအစ်ကိုတွေကလည်း ဒါတွေကို ယူသွားဖို့ တိုက်တွန်းခဲ့ပါတယ်။ ကျနော်ဟာ ဘယ်လို စင်တွေရှိလဲဆိုတာကို စတင်လေ့လာဖြစ်ခဲ့ပါတယ်” လို့လည်း သူကပြောပါတယ်။
အဲဒီအချိန်ကစလို့ ခိုးလ်မှာ ဒီခုံတွေကို စုဆောင်းတဲ့ ဝါသနာတခုတိုးလာခဲ့တာဖြစ်ပြီး သူ့ စုဆောင်း မှုတွေမှာ ခုံအမျိုးအစားစုံ၊ ဆိုဒ်စုံရှိတယ်လို့လည်း သိရပါတယ်။