အစားအသောက် ဘေးအန္တရာယ် ကင်းရှင်းရေး အာဆီယံ ၁၀ နိုင်ငံ ဆွေးနွေး
DVB
·
November 24, 2018
အစားအသောက် ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ အာဆီယံ ၁၀ နိုင်ငံ ဆွေးနွေးပွဲကို နိုဝင်ဘာလ ၂၃ ရက်နေ့က မန္တလေး အောင်မြေသာစံမြို့နယ် Mercure Mandalay Hill Resort Anawrahta ခန်းမမှာ ပြုလုပ်ခဲ့ပါတယ်။
အာဆီယံဒေသအတွင်း အစားအသောက်ထုတ်ကုန်တွေ လိုက်နာရမယ့် စံညွှန်းတွေနဲ့ အစားအသောက် ဓာတ်ခွဲခန်းတွေအဆင့်မီရေးအတွက် မြန်မာနိုင်ငံအပါအဝင် အာဆီယံ ၁၀ နိုင်ငံ ၂၇ ကြိမ်မြာက် ဆွေးနွေးခဲ့ကြတာပါ။
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က အာဆီယံဒေသတွင်း အစားအသောက်ကုန်သွယ်မှုပြုရာမှာ အဟန့်အတားဖြစ်စေတဲ့ နည်းပညာရပ် ဆိုင်ရာ အတားအဆီးများကို ဖယ်ရှားပြီး ဒေသတွင်း လွတ်လပ်စွာကုန်သွယ်မှုပြုနိုင်ရန် ရည်ရွယ်ပြီး (၂၇) ကြိမ်မြောက် အသင့်ထုတ်ပိုးစားသောက်ကုန်လုပ်ငန်းဆိုင်ရာအစည်းအဝေး PFPWG၊ (၁၃) ကြိမ်မြောက် အာဆီယံ အစားအသောက်ဓာတ်ခွဲခန်းများဆိုင်ရာ ကော်မတီအစည်းအဝေး AFTLC ကျင်းပခဲတာလို့ ပြောပါတယ်။
ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက Harmonius Food Safety System ကို ဆောင်ရွက်နိုင်ဖို့ အခြေခံအုတ်မြစ် ချမှတ်တာလို့ ပြောပါတယ်။
ကမ္ဘာမှာရော၊ အာဆီယံနိုင်ငံတွေအတွင်းမှာပါ ဘေးအန္တရာယ် ကင်းရှင်းတဲ့ အစားအသောက် ရရှိပြီး ပြည်သူတွေရဲ့ ကျန်းမာရေးကို ကာလွယ်နိုင်စေဖို့၊ ထိရောက်ပြီး ကောင်းမွန်တဲ့ food safety system ရရှိစေဖို့၊ အာဆီယံ စီးပွားရေး အသိုက်အဝန်းအနေနဲ့ ဘုံနည်းဗျူဟာများ ရရှိဖို့ လိုအပ်တယ်လို့လည်း ပြောဆိုခဲ့ပါတယ်။
ဆွေးနွေးပွဲကို နိုဝင်ဘာ ၃ ရက်ကနေ ၂၇ ရက်နေ့ အထိ နေ့စဉ်မနက် ၉ နာရီကနေ ညနေ ၅ နာရီအထိ ကျင်းပမှာဖြစ်ပါတယ်။
အာဆီယံဒေသအတွင်း အစားအသောက်ထုတ်ကုန်တွေနဲ့ ပတ်သက်တဲ့ လိုက်နာရမယ့် စံညွှန်းတွေ၊ အသင့်ထုတ်ပိုး စားသောက်ကုန်နဲ့ ပတ်သက်တဲ့ စံချိန်စံညွှန်းတွေ၊ ဥပဒေ လုပ်ထုံးလုပ်နည်းတွေ၊ အာဆီယံ အစားအသောက်တွေ စစ်ဆေးတဲ့ စံရည်ညွှန်း ဓာတ်ခွဲခန်းတွေရဲ့ စွမ်းရည်မြှင့်တင်တာတွေ ပြုလုပ်သွားမှာပါ။