Home
မြန်မာသတင်း
ကျောက်ဆည်တွင် လူသတ်တရားခံ ၃ ဦးအား သေဒဏ်နှင့် နှစ်ရှည်ထောင်ဒဏ်များချမှတ်
DVB
·
November 23, 2018
ကျောက်ဆည်နည်းပညာတက္ကသိုလ်ကျောင်းသားကို ၀ိုင်းဝန်းထိုးကြိတ် ဓားနဲ့ ထိုးသတ်ခဲ့တဲ့ တရားခံ ၃ ဦးကို ကျောက်ဆည်ခရိုင် တရားရုံးက သေဒဏ်နဲ့ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်လိုက်ပါတယ်။ ကျောက်ဆည်မြို့၊ အေးမြကြည်လင်ရပ်ကွက်မှာ  သြဂုတ် ၂၉ ရက်က နည်းပညာတက္ကသိုလ် ကျောင်းသား ကိုနေမင်းထက် ဝိုင်းဝန်းထိုးကြိတ် ဓားနဲ့ထိုးသတ်ခံခဲ့ရတဲ့အမှုနဲ့ပတ်သက်ပြီး တရားခံ ၃ ဦးကို  မန္တလေးတိုင်း ကျောက်ဆည်ခရိုင်တရားရုံးက နိုဝင်ဘာ ၁၉ ရက်မှာ သေဒဏ်ချနဲ့ နှစ်ရှည် ထောင်ဒဏ်တွေ ချမှတ်လိုက်တာလို့ မန္တလေးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ တရားခံ အောင်သူဟိန်းကို ရာဇသတ်ကြီးပုဒ်မ ၃၀၂(၁)(ဂ)အရ သေဒဏ်နဲ့ ပို့ကုန်/ သွင်းကုန်ဥပဒေပုဒ်မ ၈ အရ ထောင်ဒဏ် ၆ လ၊ တရားခံ အလီဘိုင် (ခ) မင်းခန့်ကျော်ကို ပုဒ်မ ၃၉၄ အရ အလုပ်နှင့် ထောင်ဒဏ် ၂၀ နှစ်နဲ့ ပုဒ်မ ၃၂၃ အရ ထောင်ဒဏ် ၁ နှစ် သီးခြားစီကျခံဖို့နဲ့ တရားခံ မင်းချစ်အောင် (ခ) ဖိုးချစ်ကို ပုဒ်မ ၃၉၄ အရ အလုပ်နဲ့ ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခဲ့ကာ လက်နက်ပုဒ်မ ၁၉(င) အမှုကိုတော့ လွှတ်မိန့်တွေ အသီးသီးချမှတ်ခဲ့တယ်လို့ ရဲသတင်းမှာ ဖော်ပြပါတယ်။ သြဂုတ် ၂၉ ရက်က နည်းပညာတက္ကသိုလ်ကျောင်းသား အသက် ၂၀ အရွယ် သန့်ဇင်မင်းနဲ့ နေမင်းထက်တို့ အဆောင်ကနေ မြို့ထဲသို့ ဆိုင်ကယ်စီးသွားရာမှာ ရန်ကုန်-မန္တလေးလမ်း ပြည်လုံးနိုင်ရပ်ကွက် ညောင်ခြောက်ပင်နယ်မြေ မေအဆောင်ရှေ့အရောက်မှာ တဖက်က သုံးယောက်စီးလာတဲ့ ဆိုင်ကယ်နဲ့ တိုက်မိမလိုဖြစ်ရာက စကားများရန်ဖြစ်ခဲ့ကြတာပါ။ သုံးယောက်စီးလာတဲ့ ဆိုင်ကယ်ပေါ်က လူငယ်တွေက သန့်ဇင်မင်းနဲ့ နေမင်းထက်တို့ကို ဝိုင်းဝန်းရိုက်နှက် ထိုးကြိတ်ခဲ့ပြီး ဓားနဲ့ထိုးကာ ထွက်ပြေးသွားခဲ့လို့ နေမင်းထက်ကို ကျောက်ဆည်ဆေးရုံ တင်ပို့ရာ ရရှိတဲ့ဒဏ်ရာနဲ့ ဆေးရုံမှာ သေဆုံးသွားခဲ့ပါတယ်။ ဒီအမှုနဲ့ပတ်သက်ပြီး သန့်ဇင်မင်းက တရားလို ပြုလုပ်ပြီး ကျောက်ဆည်မြို့မရဲစခန်းမှာ အမှုဖွင့်တိုင်ကြားရာ ရဲစခန်းက (ပ) ၇၃၁/၂ဝ၁၈၊ ရာဇသတ်ကြီး ပုဒ်မ- ၃ဝ၂/၃၉၄/၁၁၄ နဲ့ အမှုဖွင့်အရေးယူခဲ့ပါတယ်။ ဒီအမှုကို ကျောက်ဆည်ခရိုင်တရားရုံးကို တရားစွဲတင်ပို့ရာ ခရိုင်တရားရုံးက စက်တင်ဘာ ၂၅ ရက်မှာ အမှုအား လက်ခံကြားနာစစ်ဆေးခဲ့ပြီး နိုဝင်ဘာ ၁၉ ရက်မှာ အမှုကို အပြီးသတ် စီရင်ချက် ချမှတ်ခဲ့တာဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024