DVB Logo
Home
မြန်မာသတင်း
အာရှ ပင်လယ် ၃ ခုတွင် မုန်တိုင်း ၅ လုံး တန်းစီဖြစ်ပေါ်နေ
DVB
·
November 21, 2018
အာရှ ပင်လယ် ၃ ခုတွင် မုန်တိုင်း ၅ လုံး တန်းစီဖြစ်ပေါ်နေ
Donate to DVB

အာရှပင်လယ် ၃ ခုဖြစ်တဲ့ အာရေဗျပင်လယ်၊ ဘင်္ဂလားပင်လယ်အော်၊ တောင်တရုတ်ပင်လယ်နဲ့ ပစိဖိတ်သမုဒ္ဒရာထဲမှာ မုန်တိုင်း ၅ လုံး တန်းစီဖြစ်ပေါ်နေတယ်လို့ မိုးလေဝသပညာရှင် ဒေါက်တာ ဦးထွန်းလွင်က ထုတ်ပြန်ပါတယ်။

ခုလို မုန်တိုင်း ၅ လုံး အရှေ့အနောက် တန်းစီဖြစ်ပေါ်နေတာနဲ့ ပတ်သက်ပြီး “ရှိတော့ရှိတယ်၊ ရှားတယ်လို့ ပြောရမယ့် အခြေအနေပါပဲ။ သမပိုင်းဇုန်မှာဆိုရင်တော့ ဒါမျိုးကို Family of Depressions လို့ ခေါ်လေ့ရှိပါတယ်” လို့ ဦးထွန်းလွင်က ပြောပါတယ်။

ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းမှာ လေထုမငြိမ်မသက် ဖြစ်ရာက လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်နေပြီး ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်တခု ဖြစ်လာနိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။

မိုးဇလဌာနကလည်း ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းနဲ့ ဆက်စပ်နေတဲ့ သီရိလင်္ကာ အရှေ့မြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ဆက်လက် တည်ရှိနေတယ်လို့ ဒီမနက် ထုတ်ပြန်ထားပါတယ်။

ထူးခြားအခြေအနေအဖြစ် ဒီမနက် ၆ နာရီခွဲအချိန် တိုင်းထွာချက်အရ ထိုင်းပင်လယ်ကွေ့မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်း (Low Pressure Area) ဟာ အနောက်ဘက်သို့ ရွေ့လျားခဲ့ပြီး မလေးကျွန်းဆွယ်ပေါ်မှာ ဆက်လက်တည်ရှိနေကာ နောက် ၁၂ နာရီအတွင်း ကပ္ပလီပင်လယ်ပြင် တောင်ပိုင်းသို့ ရောက်ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

မြန်မာ့ပင်လယ်ပြင်မှာတော့ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းနဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ တခါတရံ မိုးသက်လေပြင်းတွေ ကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်တယ်လို့ ဆိုပါတယ်။

မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေဟာ တနာရီ မိုင် ၃၀ မှ ၃၅ မိုင်အထိ တိုက်ခတ်နိုင်တယ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းနဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ လှိုင်းအမြင့် ၆ ပေမှ ၉ ပေခန့်၊ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းနဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ၂ ပေမှ  ၅ ပေခန့် ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ မိုးရွာဖို့ ရာခိုင်နှုန်း ၈၀ လောက် ရှိတယ်လို့လည်း မိုးဇလထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013