Home
မြန်မာသတင်း
သုတ်ဆေးတင်ဒါကိစ္စ နေပြည်တော်စည်ပင် ပြန်ပြင်ဆင်
ပိုင်စိုး
·
November 19, 2018
နေပြည်တော် စည်ပင်သာယာရေးကော်မတီဟာ အသုံးလိုတဲ့ သုတ်ဆေးတွေကို အမှတ်တံဆိပ်တမျိုးတည်းဖော်ပြ တင်ဒါခေါ်ယူပြီးနောက် အဲဒီတင်ဒါကို ပြန်ပြီး ပြင်ဆင်လိုက်ပါ တယ်။ နိုဝင်ဘာလ ၁၃ ရက်နဲ့ ၁၄ ရက်တွေက အစိုးရပိုင် သတင်းစာတွေမှာ နေပြည်တော် စည်ပင်သာယာရေး ကော်မတီလမ်းနဲ့ တံတားအင်ဂျင်နီယာဌာနကနေ ပလက်ဖောင်းကပ်တုံးနဲ့ လမ်းလယ်ကျွန်း ကပ်တုံးတွေကို ရေဆေးသုတ်ဖို့အတွက် တင်ဒါ ကြေညာခဲ့တာပါ။ အဖြူ၊ အနီ၊ အနက်နဲ့ အဝါ ရေဆေး ဂါလန်ပေါင်း ၁၃၀၀၀ ကျော်ကို ပြည်တွင်းမှာ ဖြန့်ချိနေတဲ့ သုတ်ဆေး အမှတ်တံဆိပ်တခုကို ဖော်ပြပြီး အဲဒါကိုပဲ တင်သွင်းဖို့ ခေါ်ယူခဲ့ပါတယ်။ ဒါကို ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်မှာ ဝေဖန်ခံခဲ့ရပြီး ဒီနေ့မှာတော့ အမှတ်တံဆိပ် မဖော်ပြတော့ဘဲ ပလပ်စတစ် ရေဆေး ၁၃၄၂၉ ဂါလန် ဝယ်ယူမယ်လို့ ပြင်ဆင်ပြောင်းလဲ လိုက်ပါတယ်။ တင်ဒါခေါ်ယူခဲ့တဲ့အကြောင်း အသေးစိတ်သိရဖို့ တင်ဒါကော်မတီကို ဖုန်းနဲ့ ဆက်သွယ်ခဲ့ ပေမယ့် အစည်းအဝေးလုပ်နေတယ်ဆိုလို့ မေးမြန်းမရခဲ့သလို အင်ဂျင်နီယာကော်မတီဝင် ဒေါ်စံပယ်ထွေးကို ဆက်သွယ်ရာမှာလည်း မရခဲ့ပါဘူး။ တင်ဒါခေါ်ယူတာတွေနဲ့ ပတ်သက်လို့ ၂၀၁၇ ခုနှစ်ရဲ့ ပထမဆုံး ညွှန်ကြားချက်အနေနဲ့ နိုင်ငံတော် သမ္မတရုံးက ထုတ်ပြန်ထားပြီး ကျပ် သိန်း ၁၀၀ နဲ့ အထက်ပစ္စည်းတွေ ဝယ်ယူမယ်ဆိုရင် အိတ်ဖွင့်တင်ဒါခေါ်ယူဖို့ စတာတွေကို ထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ မတ်လတုန်းကလည်း ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနက ကွန်ပြူတာ အလုံးရေ ၂၅၀ တင်ဒါခေါ်ယူရာမှာ တင်ဒါအောင် စာချုပ်ချုပ်ပြီး ၂ ရက်အတွင်း ကွန်ပြူတာတွေ သွင်းရမယ်ဆိုလို့ ဝေဖန်ခံခဲ့ရပြီး ရက်မစေ့ခင် ၂ ရက်အလိုမှာ တင်ဒါကို ဖျက်သိမ်းလိုက်တယ်လို့ ကြေညာခဲ့ဖူးပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024