DVB Logo
Home
မြန်မာသတင်း
တိုက်ပွဲ ပိုမိုပြင်းထန်မှုကြောင့် ဖားကန့်ဒေသခံများ ထပ်မံထွက်ပြေး
DVB
·
August 30, 2012
တိုက်ပွဲ ပိုမိုပြင်းထန်မှုကြောင့် ဖားကန့်ဒေသခံများ ထပ်မံထွက်ပြေး
Donate to DVB

ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်း  အစိုးရတပ်နဲ့ ကချင်လက်နက်ကိုင် အဖွဲ့အကြား တိုက်ပွဲတွေ ပိုမိုပြင်းထန်လာမှုကြောင့် အနီးအနားကျေးရွာက ဒေသခံတွေ ဖားကန့်မြို့ပေါ် ထပ်မံထွက်ပြေးလာကြပါတယ်။

[caption id="attachment_30057" align="alignleft" width="300" caption="ရန်လုဒုက္ခသည်စခန်းမှ ရွှေ့ပြောင်းပေးရသည့် ကချင်ဒုက္ခသည်များ"][/caption]

ကချင်ပြည်နယ်က ကျောက်စိမ်းထွက်ရှိရာ ဖားကန့်မြို့နယ်အတွင်းမှာ ဒီတပတ်အတွင်း အစိုးရနဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ) အကြား တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနေတဲ့အတက် ရွာသားတွေဟာ ထပ်ပြီး တိမ်းရှောင်ကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မနေ့ ညနေပိုင်းက ကလောမှော်နဲ့ ဆိုင်းဂျာဘွမ်အနားမှာ နှစ်ဖက် ၃ နာရီကျော်ကြာ ရင်ဆိုင်တိုက်ပွဲဖြစ်ခဲ့သလို ဒီမနက်ပိုင်းမှာလည်း လက်နက်ကြီးတွေနဲ့ အပြန်အလှန် ပစ်ခတ်မှုနေတယ်လို့ ဖားကန့်မြို့ခံ ဦးလာဆိုင်းက ပြောပါတယ်။

ဩဂုတ် ၂၇ ရက်နေ့ကလည်း နှစ်ဖက်တိုက်ပွဲပြင်းထန်ပြီး အစိုးရတပ်က ဖားကန့် မြို့နယ်တွင်း မှော်မောင်းလယန်၊ မှော်မောင်ကုန်း၊ အင်ဗလခ၊ တောင်ပြို၊ မျောက်ဖြူ၊ ရှရော်ခ၊ ဆိုင်းဂျာဘွမ်၊ မန်နား၊ ကလောမှော်၊ ပီကျောင် စတဲ့ရွာက ဒေသခံတွေကို ဖားကန့်မြို့ပေါ် ချက်ချင်းပြောင်းရွှေ့ဖို့ အမိန့်ထုတ်တဲ့အတွက် ထပ်ပြီးခိုလှုံလာကြတာလို့ ဦးလာဆိုင်းက ပြောပါတယ်။

ဒီတိုက်ပွဲတွေမှာ အစိုးရတပ်ဘက် တပ်မ ၃၃ နဲ့ ခလရ တပ်ရင်း ၃၄၇ နဲ့ ၁၆ တပ်တွေနဲ့ ကချင်တပ်ဘက်က တပ်မဟာ ၆ တပ်ရင်းတွေ တိုက်ခိုက်ကြတာလို့ ဆိုပါတယ်။

ထွက်ပြေးလာသူတွေဟာ ဖားကန့်မြို့ပေါ်က ခရစ်ယာန်နဲ့ ဗုဒ္ဓဘာသာဘုန်းကြီး ကျောင်းတွေ၊ ယဉ်ကျေးမှုအဆောက်အုံတွေနဲ့ ဆွေမျိုးတွေနေအိမ်မှာ ခိုလှုံနေပြီး ဘာသာရေး၊ လူမှုရေးစတဲ့ အဖွဲ့အစည်းတွေနဲ့ မြို့ခံတွေက ထောက်ပံ့ပေးနေပေမယ့် အကူအညီလိုအပ်နေဆဲလို့ ဆိုပါတယ်။

တရုတ်နိုင်ငံ နောင်တောင်းခရိုင်ထဲက မပြောင်းရွှေ့ရသေးတဲ့ ခဒေါင်းပါ ကချင်ဒုက္ခသည်စခန်းမှာလည်း အစားအသောက်နဲ့ ဆေးဝါးအကူအညီ လိုနေတယ်လို့ ကချင်ဒုက္ခသည် ကော်မတီအဖွဲ့က ပြောပါတယ်။

“လူဦးရေ ရှိတာက လူငါးရာခြောက်ရာ ရှိတာ။ မိုးတွင်းကုန်မှ ရွှေ့မှာ။ လမ်းခရီးကလည်း အရမ်းဝေးတယ်။ ကားနဲ့လည်း သွားလို့မရဘူး။ အစားအသောက်တွေ သွားပို့ပေးဖို့ခက်တယ်။ ဆေးဝါးကလည်း မလုံလောက်ဘူး။ နောင်တောင်းဘက်မှာ အမြဲတမ်းထိုင်ပြီး ကူညီနေတဲ့အဖွဲ့ကလည်း အခု မရှိတော့ဘူး။ အခု ကျမတို့တောင်မှ ခဒေါင်းပါကို သွားဖို့ဆိုရင် တော်တော် ကြိုးစားရဦးမယ်။”
မနေ့က ကချင်အမျိုးသားအဖွဲ့အစည်း ၁၁ ဖွဲ့ ပူးတွဲ ထုတ်ပြန်ချက်မှာတော့ အစိုးရတပ်က ကချင်လွတ်လပ်ရေးအဖွဲ့ကို အရှိန်အဟုန် ပြင်းပြင်းနဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် ထွက်ပြေးကြတဲ့ စစ်ပြေးဒုက္ခသည် ၉ သောင်းကျော် ရှိတယ်လို့ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013