Home
မြန်မာသတင်း
တနေ့ ဆန်အိတ် ၁ သောင်း ဆန်စပါးအသင်း ရောင်းပေးမည်
ရွှေအောင်
·
August 30, 2012
လက်လီဈေးကွက်မှာ ဆန်ဈေးတက်နေတဲ့အတွက် မြန်မာနိုင်ငံ ဆန်စပါး လုပ်ငန်းအသင်းက တနေ့ကို ဆန်အိတ် ၁ သောင်း ရောင်းချပေးသွားမယ်လို့ ဆန်စပါးအသင်းဗဟိုအလုပ် အမှုဆောင် ဒေါက်တာစိုးထွန်း က ပြောပါတယ်။ “ဆန်ဈေးက လက်ရှိအနေအထား အရ ပြည်တွင်းမှာ တက်နေတယ်။ အခုဆိုရင် တချို့နေရာတွေမှာ လက်လီဈေး၊ ဆန်ကြမ်းဈေးဆိုရင် ၁ အိတ်ကို ၁ သောင်းခွဲတို့ ပြောနေကြတယ်။ လူတွေက ရေကြီးတယ်ကြားတော့ ကြောက်လန့်ပြီး စိုးရိမ်ကြတယ်။ ဆန်များရှားမလား၊ စပါးများရှားမလားဆိုပြီး တယောက် ၁ အိတ်ဝယ်စုတဲ့အခါ ပိုပြီး ဈေးတက်လာတယ်။ တက်လာတော့ အခုက ဈေးကွက်ထဲမှာ လက်ရှိစနစ်ကလည်း ဒီမိုကရေစီစနစ်ကိုလည်း သွားနေတဲ့အခါ ဘယ်သူ့မှ သွားပြီး မင်းတို့ဒီဈေးရောင်းပါဆိုပြီး အရင်လိုပြောလို့မရဘူး။ လုပ်ပေးနိုင်သလောက် ရောင်းလိုအား၊ ၀ယ်လိုအားကို ထိန်းညှိပေးနိုင်ဖို့ပဲရှိတာပေါ့။ အခု ကျနော်တို့ဝယ်ထားတဲ့ အရန်ဆန်ကို ဈေးကွက်ကို ထုတ်ရောင်းမှာပေါ့။” စက်တင်ဘာလဆန်းကစပြီး သင့်တင့်တဲ့ ဈေးနှုန်းနဲ့ ရောင်းပေးမယ်လို့လည်း ပြောပါတယ်။ ပြီးခဲ့တဲ့လထဲ ဆန်စပါးအသင်းက ဆန်အိတ် ၁ သိန်းရောင်းချပေးရာမှာ ပြဿနာ အနည်းငယ် ရှိတဲ့အတွက် အခုလို လက်လီရောင်းချဖို့ လုပ်ရတဲ့အကြောင်း ဒေါက်တာ စိုးထွန်းက ပြောပါတယ်။ “ပြီးခဲ့တဲ့အခေါက်ရောင်းတုန်းက ပြဿနာ နည်းနည်း ရှိတယ်။ တင်ဒါစနစ်နဲ့ ရောင်းလိုက်တာ ဆိုတော့ အများဆုံး ပေးတဲ့သူကို ရောင်းလိုက်တာ။ အဲဒီတုန်းက လူတယောက်ကို တန်တထောင် (အိတ် ၂၀၀၀၀) လောက် ၀ယ်ခွင့်ရှိတယ်လို့ လုပ်ထားတာ။ တချို့ကလည်း ကုမ္ပဏီတခုမှာ သမ၀ါယမတွေ ခွဲပြီးတော့ ယူတယ်လို့ သတင်းထွက်လာတာရှိတယ်။ တကယ်သုံးစွဲတဲ့သူ လက်ထဲမရောက်ဘဲ ကုမ္ပဏီတခုကနေ လက်ဝါးကြီးအုပ် ယူသွားပါတယ်လို့ ကျနော်တို့ကို လာပြောတဲ့သူတွေရှိတယ်။ ဒီတခေါက်စနစ်ကို အဲဒီလိုမျိုးမဖြစ်အောင် ကုန်စည်ဒိုင် ဘုရင့်နောင်နဲ့ ၀ါးတန်းလမ်း ကုန်စည်ဒိုင်တခုမှာ လက်လီပုံစံနဲ့ ကောင်တာတခုဖွင့်ပြီး ရောင်းဖို့တော့ စီစဉ်ထားတယ်။” လိုအပ်ရင် ပြည်နယ်တိုင်းအသီးသီးမှာရှိတဲ့ ဆန်လုပ်ငန်းအသင်းတွေကလည်း အခုလို သင့်တင့်တဲ့ဈေးနှုန်းနဲ့ ရောင်းချပေးသွားမယ်လို့ ဆိုပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024