Home
မြန်မာသတင်း
သဖန်းဆိပ်ဆည်အနီး ဖမ်းဆီးရမိသည့် အခွံပျော့လိပ်ကြီး အတွင်းဒဏ်ရာများဖြင့် သေဆုံး
Aung Ko Latt
·
November 18, 2018
သဖန်းဆိပ်ဆည်အနီး ဖမ်းဆီးရမိတဲ့ အခွံပျော့လိပ်ကြီးဟာ အတွင်းဒဏ်ရာတွေနဲ့ သေဆုံးသွားတယ်လို့ သိရပါတယ်။ ချပ်သင်းဘေးမဲ့တော သားငှက်ထိန်းသိမ်းရေးအဖွဲ့ တာဝန်ရှိသူတွေက သွားရောက် ဆေးကုသတာတွေ၊ စစ်ဆေးတာတွေ ပြုလုပ်ခဲ့ပေမယ့် လိပ်ကြီးမှာ ကျောကုန်းထုထောင်းဒဏ်ရာ၊ လိင်အင်္ဂါဒဏ်ရာတွေရရှိခဲ့ပြီး ကန့်ဘလူမြို့၊ မဟာရွှေစည်ကြီး ဘုရားဝင်းအတွင်း လိပ်ကန်မှာပဲ နိုဝင်ဘာလ ၁၈ ရက်နေ့ မနက်ပိုင်းက သေဆုံးသွားပြီလို့ သိရပါတယ်။ “ကျောကုန်းထုခံထားရတဲ့ ဒဏ်ရာတွေရှိတယ်။ ပြီးတော့ လိင်တံက အပြင်ထွက်နေပြီး ပြန်မသွင်းနိုင်တာပေါ့။ အဲဒါကို တိကုဆရာဝန်နဲ့ ချုပ်ပြီး အထဲကို ပြန်ထည့်ပေးခဲ့တယ်။ ဒီမနက်တော့ သေသွားပြီလို့ သိရတယ်။ လိပ်ကိုတော့ ဂေါပက လှုထားတာဖြစ်တဲ့အတွက် ဂေါပကက စီမံမှာပါ။ လိပ်နဲ့ပတ်သက်ပြီး ရုံးချုပ်ကိုလည်း အစီရင်ခံစာတင်ဖို့ လုပ်နေပါတယ်။”လို့ ချပ်သင်းဘေးမဲ့တော့ လ/ထ ညွှန်ကြားရေးမှုး ဦးမင်းဆွေက ပြောပါတယ်။ ဒီလိပ်ကြီးက အထီးဖြစ်ပြီး အလေးချိန်ပိဿာ ၄၀ ကျော်ခန့်ရှိတဲ့အပြင် ကိုယ်ထည်တင် အလျား ၃ ပေ၊ ၄ လက်မ၊ အနံ ၂ ပေ ၃ လက်မရှိကာ ဦးမောင်မြင့်ဆိုသူက သဖန်းဆိပ်ဆည်အနီး မဒေါင်ကျေးရွာကနေ ငွေ ၁သိန်းကျပ်နဲ့ ဝယ်ယူကာ သတ်မဲ့ဘေးကနေ ကယ်တင်ခဲ့တာပါ။ ဒေသခံတွေရဲ့ ပြောပြချက်အရ ဒီလိုလိပ်တွေကို သဖန်းဆိပ်ဆည်အနီးမှာ ရံဖန်ရံခါ တွေ့ရတတ်ပြီး လျှော့တိုက်ဖမ်းယူသတ်ဖြတ် စားသောက်တာတွေရှိတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံမှာ လိပ်တွေနဲ့ပတ်သက်ပြီး သစ်တော၊ သားငှက်ထိန်းသိမ်းရေးနှင့် လိပ်မျိုးစိပ်ရှင်သန်ရေးအဖွဲ့တွေက လုပ်ဆောင်နေတာတွေ ရှိပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024