A d v e r t i s e m e n t With Us

ဝန်​ထမ်း​များ အသက်​ရှူမ​ချောင်​သ​ရွေ့ အဂတိလိုက်​စားမှု ကာကွယ်တားဆီးရန် မဖြစ်​နိုင်​ဟု မကွေးဝန်ကြီးချုပ် ပြော

ဝန်​ထမ်း​တွေ အသက်​ရှူမ​ချောင်​သ​ရွေ့ အဂတိလိုက်​စားမှု ကင်းစင်​ရေး ထိ​ရောက်​​အောင်​ကာကွယ်​တားဆီးဖို့ မဖြစ်​နိုင်​ဘူးလို့ မကွေးတိုင်းဝန်ကြီးချုပ်က ပြောကြား လိုက်ပါတယ်။ မကွေးတိုင်းဒေသကြီး မ​ကွေးမြို့ မြို့​တော်​ခန်းမမှာ နိုဝင်​ဘာလ ၁၇ ရက်​​နေ့မနက်​ပိုင်းက အဂတိလိုက်​စားမှုတားဆီး ကာကွယ်​​ရေးဆိုင်​ရာ အလုပ်​ရုံ ​ဆွေး​နွေးပွဲမှာ စီးပွား​ရေးလုပ်​ငန်းများ ဖွံ့ဖြိုးတိုးတက်​​ရေးနှင့် ကျင့်ဝတ်​သိက္ခာ ​ခေါင်းစဉ်​နဲ့ ​ဆွေး​နွေးပွဲမှာ အခုလို ပြောကြားခဲ့တာပါ။ မူးယစ်ဆေးဝါးက ရတဲ့ငွေတွေနဲ့ တရားမဝင်လုပ်ငန်းတွေက ရတဲ့ ငွေတွေကို ငွေဖြူလုပ်လို့ ငွေကြေးဖောင်းပွနေချိန်မှာ လစာနဲ့ ရပ်တည်နေရတဲ့ အစိုးရဝန်ထမ်းတွေ စားဝတ်နေရေ ချောင်လည်ဖို့ အဂတိလိုက်စားမှုတွေ ဖြစ်လာနိုင်လို့ ဝန်ထမ်းတွေ အဆင်ပြေစေမယ့် နည်းလမ်းကို ရှာဖွေစဉ်းစားကြဖို့ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမိုးညိုက တိုက်တွန်းလိုက်ပါတယ်။ “အစိုးရဝန်​ထမ်း​တွေမှာ တစ်ထောင်​ဆိုတစ်​​ထောင်​ အ​လျောက်​ရတဲ့ လစာနဲ့ တန်​ဖိုးထား​နေရတဲ့အချိန်​မှာ တရားမဝင်​ လုပ်​ငန်းသမား​တွေက သိန်း​ပေါင်း​သောင်းချီ လွယ်​လွယ်​သုံးနိုင်​​တော့ ​ငွေ​ကြေး​ဖောင်းပွတယ်​။ ဝန်​ထမ်း​တွေ အသက်​ရှူမ​ချောင်​သ​ရွေ့ အဂတိလိုက်​စားမှုကင်းစင်​ဖို့ ထိ​ရောက်​​အောင်​ကာကွယ်​တားဆီးဖို့ မဖြစ်​နိုင်​ပါဘူး။ ဝန်​ထမ်း​တွေ သက်​ရှူ​ချောင်​မယ့် နည်းလမ်း​တွေလည်း ရှာ​ဖွေစဉ်းစားသင့်တယ်​။ အဂတိလိုက်​စားမှု နည်းနိုင်​သမျှနည်း​အောင်​ ဝိုင်းဝန်းကြိုးစား ​ဆောင်​ရွက်​​ပေးကြပါ” လို့ ​ပြောပါတယ်​။ မြန်​မာနိုင်​ငံ အဂတိလိုက်​စားမှု တိုက်​ဖျက်​​ရေး​ကော်​မရှင်​ ဥက္ကဋ္ဌ ဦး​အောင်​ကြည်​က "မြန်​မာနိုင်​ငံမှာ အဂတိလိုက်​စားမှုဟာ ဆယ်​စုနှစ်​​ပေါင်းများစွာကတည်းက နယ်​ပယ်​အသီးသီးမှာ အမြစ်​​တွယ်​​နေခဲ့ပြီဖြစ်​တယ်​။ ဒီပြဿနာ​တွေ​ကြောင့် နိုင်​ငံ​ရေး၊ အုပ်​ချုပ်​​ရေး၊ စီးပွား​ရေး၊ လူမှု​ရေးနယ်​ပယ်​​တွေမှာ တိုးတက်​သင့်သ​လောက် ​မတိုးတက်​ဘူး။ အုပ်​ချုပ်​​ရေး အဆင့်​က ဌာနဆိုင်​ရာများ၊ စီးပွား​ရေးလုပ်​ငန်းရှင်​များ၊ အရပ်​ဘက်​အဖွဲ့အစည်းများဟာ အဂတိတိုက်​ဖျက်​​ရေး လုပ်​ငန်း​တွေမှာ၊ ကြား​နေလုပ်​လို့ မရပါဘူး။ အများပြည်​သူဆိုင်​ရာ အဖွဲ့စည်းများနဲ့ ပုဂ္ဂလိက အဖွဲ့စည်းများ အတူလက်​တွဲပြီး မိမိတို့​ဒေသအတွင်း အဂတိလိုက်​စားမှုဖြစ်​ပွား​နေတဲ့ ​နေရာ​တွေကို စူးစမ်း​ဖော်​ထုတ်​​ပေးကြပါ" လို့ ​ပြောပါတယ်​။ အလုပ်ရုံဆွေး​နွေးပွဲကို မြန်​မာနိုင်​ငံ အဂတိလိုက်​စားမှု တိုက်​ဖျက်​​ရေး​ကော်​မရှင်​၊ မ​ကွေးတိုင်း​ဒေသကြီး အစိုးရအဖွဲ့နဲ့ UNDP တို့ ပူး​ပေါင်းစီစဉ်​တာဖြစ်​ပြီး ဌာနဆိုင်​ရာဝန်​ထမ်းတွေ၊ စီးပွား​ရေးလုပ်​ငန်းရှင်တွေ၊ အရပ်​ဖက်​အဖွဲစည်းတွေ တက်​​ရော​က်​ခဲ့ကြပါတယ်။ သတင်း-မင်းထီး

A d v e r t i s e m e n t With Us

More News
Up