Home
မြန်မာသတင်း
ကျောက်ဖြူမြစ်ထဲ တရားမ၀င် သဲစုပ်သူများတွေ့လျှင် တိုင်ကြားနိုင်
DVB
·
November 17, 2018
ကျောက်ဖြူမြစ်ထဲမှာ သဲစုပ်ဖို့ လာရောက်လျှောက်ထားသူ နှစ်ယောက်ရှိပေမယ့် လက်ရှိ ခွင့်ပြုထားသူမရှိဘဲ တရားမဝင် စုပ်နေတာ တွေ့ရင် တိုင်ကြားဖို့ ကျောက်ဖြူမြို့နယ် အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ တရားမဝင်ခိုးစုပ်နေတာတွေ၊ တရားဝင်ခွင့်ပြုထားပေမယ့် သတ်မှတ်ထားတဲ့ စည်းကမ်းချက်နဲ့ မကိုက်ညီတာကို တွေ့ရင် သက်ဆိုင်ရာရပ်ကျေးအုပ်ချုပ်ရေးမှူးကိုပဲဖြစ်ဖြစ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးကိုပဲဖြစ်ဖြစ် တိုင်ကြားနိုင်တယ်လို့ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးစိုးမိုးကျော်က ပြောပါတယ်။ “တရားမဝင် လုပ်ဆောင်နေတာတွေကို သိဖို့လိုပါတယ်၊ သိတဲ့အခါကျမှ ဆက်ပြီးတော့ ဖမ်းဆီးအရေးယူဆောင်ရွက်တာတွေကို ဥပဒေနဲ့  အညီလုပ်ဆောင်သွားပါမယ်။ ဒေသခံတွေ အနေနဲ့ တရားမဝင်သဲစုပ်နေတာတွေကို တွေ့ရှိရင် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးကိုဖြစ်စေ၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးဖုန်းကိုပဲဖြစ်ဖြစ် ဆက်သွယ်တိုင်ကြားနိုင်တယ်” လို့ ပြောပါတယ်။ ကျောက်ဖြူမြို့ အရှေ့ပိုင်းပိုက်ဆိပ်ရပ်ကွက်နဲ့ ပြင်ဖြူမော်ရွာကြားက မြစ်ကမ်းနံဘေးမှာ သဲထုတ်ယူတာတွေကြောင့် ငါးဖမ်းလုပ်ငန်း လုပ်ကိုင်နေတဲ့ ရေလုပ်သားတွေ သဲစုပ်တွင်းထဲကို မကြာခဏ ကျတတ်ပြီး လူသေဆုံတာလည်း ဖြစ်တယ်လို့ ရေလုပ်သားတွေက ပြောပါတယ်။ မြစ်ကမ်းနံဘေးက သဲတွေကို သင်္ဘောတွေ၊ သဲစုပ်လှေတွေနဲ့ စုပ်ယူနေကြတာဖြစ်ပြီး သက်ဆိုင်ရာကို တိုင်တန်းပေမယ့် တားမြစ်တာ မရှိဘူးလို့လည်း ရေလုပ်သားတွေက ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024