Home
မြန်မာသတင်း
ကျူးကျော်အားလုံး ဖယ်ရှားရှင်းလင်းမည်ဟု မန္တလေးတိုင်း ဝန်ကြီးချုပ်ပြော
DVB
·
November 17, 2018
မန္တလေးမြို့တော်ကို စနစ်ကျတဲ့ ဖွံ့ဖြိုးမှုရှိစေဖို့နဲ့ လူအများနေပျော်ဖွယ်ဖြစ်တဲ့ မြို့တော်တခုအဖြစ် တည်ဆောက်နေတာဖြစ်တဲ့အတွက် မန္တလေးမြို့တော်ရဲ့ အင်္ဂါရပ်ကို ထိခိုက်စေတဲ့ ကျူးကျော်မှန်သမျှ အကုန်ရှင်းလင်းသွားမယ်လို့ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောပါတယ်။ နိုဝင်ဘာ ၁၆ ရက်နေ့ မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့နယ်အတွင်းက ညောင်ကုန်းကျေးရွာ လျှပ်စစ်မီးလင်းရေး အခမ်းအနားအပြီး သတင်းမီဒီယာအချို့နဲ့ တွေ့ဆုံစဉ်မှာ အခုလို ပြောဆိုခဲ့တာပါ။ “သေချာတာတခုကတော့ နိုင်ငံတော်မှာ ပြည်ထောင်စုအဆင့်ကနေလည်း ညွှန်ကြားချက်တွေ ထုတ်ထားပြီးဖြစ်ပါတယ်။ တိုင်းဒေသကြီးကလည်း ဒီကျူးတွေကို အစဉ်လိုက် ဖယ်ရှားသွားမယ်။ ဘာလို့လည်းဆိုတော့ ဖွံ့ဖြိုးဖို့အတွက်က စနစ်ကျတဲ့ ဖွံ့ဖြိုးမှုရှိရမယ်လေ။ လူတွေနေပျော်အောင် မန္တလေးမြို့တော်ကြီးကို လုပ်နေတာလေ” လို့ ဒေါက်တာဇော်မြင့်မောင်က ပြောပါတယ်။ မန္တလေးမြို့တော်အတွင်းမှာ ကျူးကျော်နေထိုင်သူတွေ အများအပြားရှိနေပြီး အမှန်တကယ်နေစရာမရှိလို့ ကျူးကျော်သူတွေထက် စီးပွားဖြစ်ကျူးကျော်သူအရေအတွက်က ပိုမိုများပြားနေတယ်လို့လည်း ဝန်ကြီးချုပ်က ဆိုပါတယ်။ မန္တလေးမြို့နယ်နိမိတ်အတွင်းက ကျူးကျော်နေထိုင်မှုတွေကို စနစ်တကျ စာရင်းပြုစုနေပြီး အမှန်တကယ် နေစရာမရှိတဲ့အတွက် ကျူးကျော်နေထိုင်သူတွေကို နေစရာဖန်တီးပေးသွားမှာဖြစ်ပြီး အိမ်ရာတွေ ဖော်ဆောင်နေတယ်လို့လည်းဆိုပါတယ်။ ကျူးကျော်နေထိုင်မှုတွေကို ဖယ်ရှားရှင်းလင်းတဲ့ လုပ်ငန်းစဉ်ဟာ ပြည်ထောင်စုအစိုးရက ချမှတ်ပေးထားတဲ့ လုပ်ငန်းစဉ်တရပ်ဖြစ်တယ်လို့လည်း ဒေါက်တာဇော်မြင့်မောင်က ဆိုပါတယ်။ မြန်မာနိုင်ငံအနှံ့ နေစရာအခက်အခဲရှိသူတွေနဲ့ ကျူးကျော်နေထိုင်သူတွေအတွက် စားကျပ်မြေနဲ့ မြေလွတ်မြေရိုင်းတွေကို ဖော်ထုတ်ပြီး အိမ်ရာစီမံကိန်းတွေကို စနစ်တကျ ဖော်ဆောင်ပေးဖို့အတွက်လည်း လွှတ်တော်ကိုယ်စားလှယ်တွေက ပြည်သူ့လွှတ်တော်မှာ ဆွေးနွေးသွားဖို့ ရှိနေပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၀ ရက်နေ့က မန္တလေးတိုင်း မဟာအောင်မြေမြို့နယ် ပေါ်တော်မူဘုရားအနီးက ရေကြောင်းရဲတပ်ဖွဲ့ခွဲရုံး တည်ဆောက်မယ့်နေရာမှာ နေထိုင်သူတွေကို ရဲတပ်ဖွဲ့က အင်အားသုံး ဖယ်ရှားရှင်းလင်းခဲ့ပြီး တောင်သူအချို့ကို ဖမ်းဆီး တရားစွဲထားပါတယ်။ ဒါနဲ့ ပတ်သက်လို့ မန္တလေးမြို့ ဒေသခံ တောင်သူ ၂၀၀ ကျော် မနေ့က ဆန္ဒပြခဲ့ကြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024