ကမ္ဘာ့ဝူရှူးအားကစားပြိုင်ပွဲတွင် ဆုတံဆိပ်များ ရရှိရန် မြန်မာကစားသမားများ မျှော်မှန်း

မြန်မာနိုင်ငံက လက်ခံကျင်းပမယ့် ဒုတိယအကြိမ်မြောက် ကမ္ဘာ့ဝူရှူး (ထောက်လု) ပြိုင်ပွဲမှာ မြန်မာဝူရှူးကစားသမား ၄ ဦး ပါဝင်ယှဉ်ပြိုင်မှာဖြစ်ပြီး ဆုတံဆိပ်တွေ ရရှိနိုင်ဖို့ မျှော်မှန်းထားတယ်လို့ ကစားသမားတွေက ပြောပါတယ်။ ပြိုင်ပွဲကို နိုဝင်ဘာ ၁၇ ရက်နဲ့ ၁၈ ရက်နေ့ ယှဉ်ပြိုင်ကစားမှာဖြစ်ပြီး စီနီယာကစားသမားတွေဖြစ်တဲ့ ငြိမ်းချမ်းကိုကို၊ သိန်းသန်းဦး၊ စန္ဒီဦး၊ အေးသစ္စာမြင့်တို့ ဝင်ရောက်ယှဉ်ပြိုင်ကြမှာပါ။ ဝူရှူးအားကစားနည်းမှာ အင်အားကြီး တရုတ်၊ မကာအို အပါအဝင် နိုင်ငံပေါင်း ၂၁ နိုင်ငံက ကစားသမားပေါင်း ၈၁ ဦး ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ မြန်မာဝူရှူးအားကစားသမားတွေ အနေနဲ့ကတော့ လအတော်ကြာ အချိန်ယူ လေ့ကျင့်ပြင်ဆင်ထားလို့ အောင်မြင်မှုတွေ ရရှိနိုင်ဖို့ မျှော်လင့်နေပါတယ်။ ပြီးခဲ့တဲ့ အာရှအားကစားပြိုင်ပွဲနဲ့ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲက ရရှိခဲ့တဲ့ အတွေ့အကြုံတွေနဲ့ သင်ခန်းစာတွေကို အဓိကထား ပြင်ဆင်လေ့ကျင့်နေသလို ပြိုင်ဘက်နိုင်ငံတွေနဲ့ တန်းတူယှဉ်ပြိုင်ပြီး အောင်မြင်မှုဆုတံဆိပ်တွေ ရယူနိုင်မယ်လို့ ယုံကြည်ကြောင်း ဝူရှူးအားကစားမယ် အေးသစ္စာမြင့်က ပြောပါတယ်။ အခု ကမ္ဘာ့ပြိုင်ပွဲကိုသာ ပြည်တွင်းပရိသတ်တွေ လာရောက်အားပေးမယ်ဆိုရင် ပြိုင်ပွဲဝင်ကစားသမားတွေ အနေနဲ့ အားတက်လာမယ်လို့ စန္ဒီဦးက ပြောပါတယ်။ ဒီပြိုင်ပွဲဟာ ကမ္ဘာ့ပြိုင်ပွဲဖြစ်တဲ့အပြင် ထူးခြားချက်ကတော့ အရင် ကမ္ဘာ့အဆင့်ရှိ ပြိုင်ပွဲတွေမှာ အဆင့် ၁ ကနေ ၈ အတွင်းဝင်တဲ့ ကစားသမားတွေကိုပဲ ရွေးချယ်ယှဉ်ပြိုင်စေတာဖြစ်လို့ အကြိတ်အနယ်ရှိမယ့် ပြိုင်ပွဲလည်း ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up