Home
မြန်မာသတင်း
Myanmar World Trade Centre ဆောက်လုပ်ရန် ကြန့်ကြာနေမှု ဇေကမ္ဘာဦးခင်ရွှေ ရှင်းလင်း
စိုးမိုးအောင်
·
November 15, 2018
ရန်ကုန်မြို့ မင်္ဂလာဒုံရှိ ဇေကမ္ဘာဝန်းအတွင်းမှာ Myanmar World Trade Centre ဆောက်လုပ်ဖို့ ခွင့်ပြုချက်မရသေးဘဲ ကြန့်ကြာနေတဲ့အပေါ် ဇေကမ္ဘာ ဦးခင်ရွှေက နိုဝင်ဘာ ၁၅ ရက်က ရန်ကုန်တိုင်းလွှတ်တော် ဘဏ္ဍာရေး၊ စီမံကိန်းနှင့်စီးပွားရေးကော်မတီ အဖွဲ့ဝင်တွေကို တွေ့ဆုံ ရှင်းလင်းခဲ့ပါတယ်။ ဇေကမ္ဘာဝန်းအတွင်းရှိ စက်မှုဇုန်(၄)နေရာမှာ ခေတ်မီဈေးကြီး တည်ဆောက်မယ့်အပေါ် ခွင့်ပြုချက်မရသေးတာကြောင့် အခက်အခဲတွေကို ရန်ကုန်တိုင်း လွှတ်တော်ကိုယ်စားလှယ်တွေကို ခေါ်ယူရှင်းပြရတာလို့ ဆိုပါတယ်။ တရုတ်နဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ အမေရိကန်ဒေါ်လာ သန်း ၁၂၀၀ လောက်ကုန်ကျမယ့် ဈေးကြီးတည်ဆောက်မယ့်အပေါ် တားဆီးခံနေရတာကြောင့် ရပ်ထားရတဲ့အပေါ် ရှင်းလင်း တင်ပြခဲ့တာလို့ ဦးခင်ရွှေက ပြောပါတယ်။ Myanmar World Trade Centre ပြီးရင် ရန်ကုန်တမြို့လုံးလိုအပ်တဲ့ ပစ္စည်းမျိုးစုံရနိုင်ပြီး ယာဉ်ကြောပိတ်ဆို့မှုလည်း လျော့နည်းသွားမယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ ဇေကမ္ဘာဝန်းကမြေနေရာမှာ ဒေါ်စိန်ထွေးအပါအဝင် လယ်သမားတချို့က တားမြစ်ကန့်ကွက်မှုတွေ ရှိနေတဲ့အပေါ် စီမံကိန်းရပ်နားထားရတာဖြစ်ပါတယ်။ စီမံကိန်း ဆက်လက်အကောင်အထည်ဖော်နိုင်ဖို့  မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်(MIC)ကို လွန်ခဲ့တဲ့ တနှစ်ကျော်လောက်က တင်ပြထားပြီး ခွင့်ပြုမိန့်ကျရင် ဆက်လက် အကောင်အထည်ဖော်သွားမယ်လို့ ဇေကမ္ဘာဦးခင်ရွှေက ဆိုပါတယ်။ ရန်ကုန်တိုင်းလွှတ်တော် ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီဟာ နိုဝင်ဘာ ၁၅ ရက်နေ့က မင်္ဂလာဒုံ ဇေကမ္ဘာဝန်းအတွင်းက စက်မှုဇုန်နဲ့ ရွှေပေါက်ကံ စက်မှုဇုန် တာဝန်ရှိသူတွေနဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024