Home
မြန်မာသတင်း
အဖျောက်တွင် မြစ်ကမ်းပါးပြို၍ နေအိမ် ၂ လုံး ရေထဲမျောပါပြီး ၁၀လုံးအရေးပေါ်ပြောင်းရွှေ့
DVB
·
November 15, 2018
ရန်ကုန်၊ တိုက်ကြီးမြို့နယ်၊ အဖျောက်မြို့၊ ပန်းတုန်းပိတ်ကျေးရွာမှာ နိုဝင်ဘာ ၁၃ ရက်နေ့က ဧရာဝတီ မြစ်ကမ်းပါး ဆက်တိုက်ပြိုကျမှုကြောင့် အိမ် ၂ လုံးရေထဲပါသွားခဲ့ပြီး အိမ်တချို့အရေးပေါ် ပြောင်းရွှေ့နေရပါတယ်။ အဖျောက်မြို့ခံ ကိုအောင်ထွန်းလေးက “မြစ်ကမ်းပါးတွေ ဆက်တိုက်ပြိုနေတာ မနေ့က ကမ်းပြိုတဲ့အထဲကိုနေအိမ် ၂ လုံး ပါသွားတယ်။ လူတွေဘာမှမဖြစ်ဘူး။ ဒီနေ့လည်း ထပ်ပြိုနေတော့ မြစ်ကမ်းနဲ့နီးတဲ့ စိုးရိမ်အခြေအနေရှိတဲ့ အိမ် ၁ဝ လုံး ဖျက်ပြီး အရေးပေါ်ပြောင်းနေတယ်။ ကမ်းနဲ့လွတ်တဲ့ နေရာမှာ ပြောင်းရွှေ့ထားဖို့တော့ ကျေးရွာအုပ်ချုပ်ရေးပိုင်းက စီစဉ်နေတယ်။ အခုပြိုတဲ့နေရာက မြစ်ကမ်းထိန်းသိမ်းရေး လုပ်ထားတဲ့နေရာနဲ့ ကမ်းဆယ်ထားတဲ့ကြားမှာ မြေတွေက အက်ကွဲလိုက်လာပြီး ပြိုနေတာ။ တခါပြိုရင် ၁၀ ပေ ပတ်လည်လောက်ပြိုတယ်” လို့ ပြောပါတယ်။ အရေးပေါ် ပြောင်းရွှေ့နေရတဲ့ အိမ်တွေကိုတော့ တိုက်ကြီးမြို့၊ တိုင်းဗဟိုတပ်မှ စစ်သည်တွေ၊ ရဲ၊ မီးသတ်နဲ့ ပရဟိတ အဖွဲ့တွေက ကူညီပြီး ပြောင်းရွှေ့ ပေးနေပါတယ်။ ပန်းတုန်းပိတ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသိန်းတန်က “ကျနော်တို့ ကမ်းပြိုတာနဲ့ပတ်သက်ပြီး အချိန်နဲ့တပြေးညီ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနကို သတင်းပို့နေပါတယ်။ ကမ်းပြို နေအိမ်တွေရဲ့ မိသားစုတွေကိုလည်း ရွာရဲ့ မြေလွတ်တဲ့နေရာမှာတော့ စီစဉ်ပေးနေပါတယ်။ ကမ်းပြိုမိသားစု ၉၀ ကျော်ရှိပါတယ်။ အရေးပေါ် ထပ်ပြောင်းရွေ့ရမယ့် အိမ်တွေလည်းရှိသေးတယ်” လို့ပြောပါတယ်။ အဖျောက်မြို့မှာ ဧရာဝတီမြစ်ရေတိုက်စားလို့ ပန်းတုန်းပိတ်ကျေးရွာ၊ အေးရွာကျေးရွာ၊ ရေပေါ်သောင်ကျေးရွာနဲ့ ကျေးရွာတချို့မှာရှိတဲ့ နေအိမ်တွေ အရေးပေါ် ပြောင်းရွှေ့ခဲ့ရပြီး နေစရာ အခက်အခဲတွေ ဖြစ်နေပါတယ်။ ၂၀၁၇ ခုနှစ်က ရန်ကုန်မြို့တော်ဝန် လာရောက်ခဲ့ပြီး ကမ်းပြို မိသားစုတွေကို နေရာချထားပေးဖို့ စီစဉ်ပေးမယ်လို့ ပြောခဲ့တဲ့အကြောင်း ဒေသခံတွေက ပြောပါတယ်။ သတင်း-မေသွယ်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024