Home
ဆောင်းပါး
သမိုင်းကောက်ချက်အတွက် အချက်အလက်မှန်ဖို့လိုတယ်
DVB
·
November 15, 2018
သမိုင်းကောက်ချက်တွေ ချတဲ့အခါတိုင်း၊ သမိုင်းကို ခွဲခြမ်းစိတ်ဖြာတဲ့အခါတိုင်း သတိထားကြရတာက အချက်အလက် ပြည့်စုံဖို့ပါပဲ။ ကိုယ်ချထားတဲ့ ကောက်ချက်တွေနဲ့ မတူတဲ့ အချက်လက်ကို တွေ့ရင် ချထားတဲ့ကောက်ချက်ဟာ အားနည်းသွားတတ်ပါတယ်။ ဒီလို မပြည့်စုံမှုမျိုးကို သမိုင်းလေ့လာသူတိုင်း ကြုံရလေ့ရှိပါတယ်။ ကိုယ်တွေ့ကို အခြေခံပြီး ပြောရရင် သခင်အောင်ဆန်းရဲ့ နိုင်ငံရေးအကြောင်း လေ့လာရေးသားစဉ်က သူ အမွိုင်ကိုမထွက်ခွာမီ မြန်မာ့နိုင်ငံရေး အခြေအနေကို သုံးသပ်ရာမှာ အယူအဆသုံးမျိုး ဖြစ်ပေါ်နေတယ်။ ပထမအယူအဆက ဂျပန်အကူအညီယူပြီး အင်္ဂလိပ်ကိုတိုက်မယ်။ ဒုတိယအယူက ဖက်ဆစ်ဂျပန်ရော အင်္ဂလိပ်ကိုရော တိုက်ထုတ်ရမယ်။ တတိယကတော့ မဟာမိတ်နဲ့ပေါင်းပြီး အင်္ဂလိပ်နယ်ချဲ့ကို ဖက်ဆစ်တိုက်ဖျက်ရေးအတွက် မဟာမိတ်ပြုပြီးမှ လွတ်လပ်ရေးယူမယ်ဆိုတဲ့ အုပ်စုကြီးသုံးစု ဖြစ်ပေါ်နေတယ်။ အဲ့ဒီအခြေအနေမှာ သမိုင်းဆိုင်ရာ စာအုပ်အချို့မှာ ဂျပန်အကူအညီယူပြီး အင်္ဂလိပ်ကို တိုက်ထုတ်ရမယ်ဆိုတဲ့ အယူမှာ ကိုအောင်ဆန်းနဲ့ ဗိုလ်လက်ျာတို့၊ သခင်လှမြိုင်တို့ ပါတယ်လို့ ရေးထားတာတွေ ဖတ်ခဲ့ရဖူးလေတော့ အဲ့ဒါကို ချေဖျက်မယ့် အချက်အလက်တချို့ ရှာခဲ့ဖူးတယ်။ သေချာတာက သခင်အောင်ဆန်းတို့ အမွိုင်ကနေတဆင့် တရုတ်ပြည်သွားဖို့ ထွက်ခွာခဲ့တာကလည်း သေချာနေတယ်။ ဒီအကြောင်းကို ဂျပန်ခေတ်အတွင်းမှာ သခင်အောင်ဆန်းကိုယ်တိုင် ရေးတဲ့ ကိုယ်ရေးအတ္ထုပ္ပတ္တိကလည်း ရှိနေတယ်။ သခင်အောင်ဆန်းဟာ သူတို့ရေးသလိုတော့ ဂျပန်ဖက်ဆစ်အကြောင်း မသိတာတော့ မဖြစ်နိုင်ဘူးလို့ ယုံကြည်နေခဲ့ပါတယ်။ ဒီလိုနဲ့ သခင်အောင်ဆန်း ရာပြည့်ကလည်း နီးလာတော့ စာအုပ်သာ ရေးဖြစ်သွားတယ်၊ လိုချင်တဲ့အချက် တခုမှမရခဲ့ပါဘူး။ ဟိုတလောက ဆရာမင်းသုဝဏ်ရဲ့ “ခြစ်ရာများ” ဆိုတဲ့ စာအုပ်ထဲက “ဗိုလ်ချုပ်ဆန္ဒနဲ့ ဝါသနာ” ဆိုတဲ့ ခေါင်းစဉ်ကလေး ဖတ်လိုက်မိတယ်။ ဆရာကတော့ ဗိုလ်ချုပ်အကြောင်း စဉ်းစားရင် ပျော်စရာလေးတွေနဲ့အတူ ဗိုလ်ချုပ်ရဲ့ တဇွတ်ထိုးနိုင်ပုံ၊ ကျောင်းသားကတည်းက ညဘက် လူစစ်ရင် မတွေ့ရတာတွေ၊ ကျောင်းသားဘဝတည်းက နိုင်ငံရေးအတွက် ညဘက်တွေမှာ စည်းရုံးရေးဆင်းနေလို့ ပဲခူးဆောင် လူစစ်ချိန် မတွေ့ရပုံတွေကို ရေးထားတာပါ။ ဖတ်ရတာ ပျော်စရာကောင်းသလို ကြည်နူးဖို့လည်း ကောင်းရဲ့။ သခင်အောင်ဆန်းနဲ့ပတ်သက်ရင် ဆရာမင်းသုဝဏ်လည်း မနေရ။ သခင်အောင်ဆန်း ကျောင်းအပြင်ရောက်သွားတော့ ဆရာမင်းသုဝဏ်က ပုဂံလမ်းအိမ် ရောက်နေပြီ။ ဆရာနဲ့အတူ လာနေတာက ကိုသိန်းအောင်ခေါ် သခင်သိန်းအောင်။ သူက ၁၉၃၈-၃၉ တကသ အမှုဆောင် (ငွေထိန်း) လုပ်ခဲ့သူ။ အဲ့ဒီနှစ်က ကိုအောင်ဆန်းက ဥက္ကဋ္ဌပေါ့။ ကိုသိန်းအောင်ဆီ လာရင်းနဲ့ ဆရာနဲ့ ကိုအောင်ဆန်း စကားလက်စုံကျဖြစ်တယ်။ နိုင်ငံရေးအကြောင်း ပြောကြပြီဆိုရင် ဆရာက ရှောင်ပေးလေ့ရှိတယ်။ ဒါပေမယ့် ဆရာ ရှောင်မရခဲ့တာလည်း ရှိတယ်။ ဒီအကြောင်းကို ဆရာက… “တညသောအခါ သခင်အောင်ဆန်း ရောက်လာသည်။ ကောလိပ်အုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေးက ပြန်လာသည်ဟုပြောကာ ကိုသိန်းအောင်နှင့်သာလျှင် တတိုးတိုး တိုင်ပင်တော့သည်။ ကျနော်လည်း ကျနော့်ဘာသာ အိပ်ရာဝင်လေသည်။ မနက်ကျမှ သခင်အောင်ဆန်း ပြန်သွားသည်။ ထိုအခါက ဂျပန်စစ်ဖြစ်ခါနီးနေပြီ။ ကျနော်နှင့် ဘိလပ်တွင် ကျောင်းအတူတူနေဘက်ဖြစ်သော အင်္ဂလိပ်မိတ်ဆွေတဦးမှာ ဘုရင်ခံအိမ်တော်တွင် အရေးပါသော အရာရှိတဦး ဖြစ်နေသည်။ သူလည်း မကြာခန ကျနော့်ထံတွင် အလည်လာသည်။ တနေ့သောအခါ ကိုသိန်းအောင်က ထိုအရာရှိနှင့် သူ့ကို မိတ်ဆက်ပေးရန် ခိုင်းသည်။ မိတ်ဖြစ်လိုသော အကြောင်းကတော့ နိုင်ငံရေးပင်ဖြစ်သည်။ သခင်လူငယ်လေးများကို အရေးပေးလျှင် ဖက်ဆစ်ဂျပန်ကို အင်နှင့်အားနှင့် ခုခံတိုက်ခိုက်ပေမည်ဟူသော အရောင်းအဝယ်ကိစ္စ ဖြစ်သည်။ ထို့ကြောင့် ကျနော်တို့ အိမ်တော်သို့သွား၍ စကားအရောင်းအဝယ် လုပ်ကြသေးသည်။ သို့သော် မအောင်မြင်ချေ။ ဤအကြံပျက်၍ မကြာမြင့်မီက သခင်အောင်ဆန်း ပျောက်သွားပြီဆိုသော သတင်းကို သတင်းစာတို့တွင် တွေ့ရလေသည်” လို့ ရေးထားပါတယ်။ ဆက်ပြီး ဆရာက ကိုသိန်းအောင်ကို သခင်အောင်ဆန်း ဘယ်ရောက်သွားလဲ မေးတာ့ ကိုသိန်းအောင်က မသိပါဘူးဆရာလို့ ဖြေကြောင်း၊ သူတို့က အဲ့ဒီအထိ လျှို့ဝှက်ကြောင်းတို့ကို မှတ်တမ်းတင်ခဲ့ဖူးပါတယ်။ တကယ်တော့ သခင်အောင်ဆန်းဟာ အမွိုင်မသွားမီမှာ အင်္ဂလိပ်ဘုရင်ခံနဲ့ ညှိနှိုင်းဖို့ ကြိုးစားခဲ့ပါသေးတယ်။ ဆရာမင်းသုဝဏ်ရဲ့ အဲ့ဒီမှတ်တမ်းကို ဖတ်ရှုလိုက်ရတဲ့ အချိန်မှာတော့ သခင်အောင်ဆန်း၊ သခင်လှဖေ၊ သခင်လှမြိုင်နဲ့ ရဲဘော်သုံးကျိပ် အင်အားစုတွေဟာ အင်္ဂလိပ်ကို ဂျပန်နဲ့ပေါင်းပြီး တိုက်ထုတ်ရမယ်ဆိုတဲ့ အယူရှိသူတွေဆိုတဲ့ ကောက်ချက်အပေါ် သံသယဖြစ်လာစရာတွေ ရှိလာပါတယ်။ ဆရာမင်းသုဝဏ်ရဲ့ မှတ်တမ်းနဲ့ ဆရာရဲ့ ဆိုလိုချက်ဟာလည်း “ဤအကြံပျက်၍ မကြာမြင့်မီ သခင်အောင်ဆန်း ပျောက်သွားပြီ။” ဆိုတဲ့အချက်၊ သခင်အောင်ဆန်းက အင်္ဂလိပ်ကို ဂျပန်နဲ့ပေါင်းတိုက်မယ်ဆိုတဲ့ အယူရှိဟန် မတူကြောင်း အထောက်အထားဖြစ်စေတယ်။ ဂျပန်ရောက်ပြီးမှ ပေါင်းမိတာက တကဏ္ဍဖြစ်တယ်လို့ ဆိုသင့်ပါတယ်။ အင်္ဂလိပ်တို့နဲ့ ညှိနှိုင်းလို့ အဆင်မပြေတော့မှ အမွိုင်ကနေတဆင့် တရုတ်ပြည်မကြီးဆီသွားဖို့ ထွက်ခွာခဲ့တာပါ။ မူလအခြေခံမူအရ ဂျပန်နဲ့ပေါင်းပြီး အင်္ဂလိပ်ကို တိုက်ထုတ်မယ်ဆိုတဲ့မူ ဟုတ်ဟန်မတူကြောင်းကို ဆရာကြီးမင်းသုဝဏ်ရဲ့ မှတ်တမ်းက ဖော်ထုတ်ပြပြီးပြီလို့ ဆိုနိုင်ပါတယ်။ ဒါကြောင့် သခင်အောင်ဆန်းဟာ အချို့သော သမိုင်းပြုစုသူတွေ ကောက်ချက်ချသလို နိုင်ငံရေးအမြော်အမြင် နည်းသူတယောက်မဟုတ်လို့ ယူဆမိပါတယ်။ ဘာပဲဖြစ်ဖြစ် သမိုင်းဆိုင်ရာ ကောက်ချက်တခု ချတော့မယ်ဆိုရင် အတတ်နိုင်ဆုံး အချက်အလက် ပြည့်စုံဖို့လိုကြောင်းနဲ့ ကောက်ချက်ချပြီး နောက်ပိုင်းမှ မတူညီတဲ့ အချက်လက်တခု တွေ့ပြီဆိုရင်လည်း မိမိကောက်ချက်အပေါ် ပြန်လည်သုံးသပ်ရန် လိုအပ်ကြောင်း တင်ပြလိုက်ရပါတယ်။ ထွန်းဇော်ဌေး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024