Home
အနုပညာ
ရုပ်ရှင်ဝါသနာအိုးတို့အတွက် ဘယ်ရုံမှာ ဘာကားတွေ ပြနေသလဲ (ရုပ်သံ)
DVB
·
November 15, 2018
ဒီတပတ် ဒီဗွီဘီရဲ့ မူဗွီခရေဇီ-ဒီဗွီဘီ (Movie Crazy–DVB) အစီအစဉ်မှာ ရုပ်ရှင်ဝါသနာအိုးတွေအတွက် ပုံမှန်တင်ဆက်နေကြဖြစ်တဲ့ နိုင်ငံတကာနဲ့ ပြည်တွင်းက ကောင်းနိုးရာရာ ရုပ်ရှင်ဇာတ်ကားတွေကို ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။ မူဗီခရေဇီတွေကို ပထမဆုံး မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကားကတော့ Hollywood Biographical War Drama ရုပ်ရှင်ပရိသတ်တွေ နှစ်သက်ကြမယ့် A Private War ! ဖြစ်ပါတယ်။ ဒီကားကိုတော့ အမေရိကန်ရုပ်ရှင်ဒါရိုက်တာ Matthew Heineman က ရိုက်ကူး ပုံဖော်ပေးထားတာ ဖြစ်ပါတယ်။ ဒီကားကတော့ အမေရိကန် သတင်းစာပညာသမိုင်းမှာ မေ့ဖျောက်ထားလို့မရတဲ့ စစ်သတင်းထောက် အမျိုးသမီး Marie Colvin ရဲ့ ဖြစ်ရပ်မှန် ဘဝဇာတ်ကြောင်းကို ရုပ်ရှင်အဖြစ် ပုံဖော်ဖန်တီးထားတာ ဖြစ်ပါတယ်။ Marie Colvin ဟာ ၁၉၈၅ ခုနှစ်ကတည်းက The Sunday Times သတင်းစာမှာ သေဆုံးချိန်အထိ သတင်းထောက်တယောက်အဖြစ် လုပ်ကိုင်ခဲ့တာပါ။ သူဟာ အသံမဲ့တဲ့ ပြည်သူတွေဆီက စကားသံတွေ ကြားနိုင်ဖို့၊ အမှန်တရားကို ဖော်ထုတ်ဖို့ တကမ္ဘာလုံးက အာရုံစိုက်ခဲ့ကြရတဲ့ ဆီးရီးယား ရှေ့တန်းစစ်မျက်နှာပြင်မှာ ထောက်လှမ်း သတင်းရယူခဲ့တာ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ သူ့ရဲ့ ဘဝနေထိုင်မှု၊ ခက်ခဲရှုပ်ထွေးတဲ့ ဝန်းကျင်မှာ ဘယ်လိုရင်ဆိုင် ဖြတ်သန်းခဲ့ရသလဲဆိုတဲ့ အဖြစ်အပျက်တွေကို ပရိသတ်တွေ ရှုစားကြရမှာ ဖြစ်ပါတယ်။ ဒီကားရဲ့ အဓိကဇာတ်ကောင်ဖြစ်တဲ့ Marie Colvin နေရာမှာတော့ ဗြိတိန်သရုပ်ဆောင်မင်းသမီး Rosamund Pike က ခေါင်းဆောင်ပါဝင်ထားပြီး သူနဲ့အတူ တခြား ဟောလိဝုဒ် သရုပ်ဆောင်မင်းသားတွေဖြစ်ကြတဲ့ Jamie Dornan, Stanley Tucci နဲ့ Tom Hollander တို့က တွဲဖက်သရုပ်ဆောင်ထားကြတာ ဖြစ်ပါတယ်။ စစ်ပွဲနောက်ခံ ကြမ်းတမ်းတဲ့ မြင်ကွင်းတွေ၊ ပြကွင်းပြကွက်တွေ၊ ပြောစကား ဒိုင်ယာလော့ခ်တွေဟာ အသက် ၁၇ နှစ်အောက် ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ မိဘအုပ်ထိန်းသူ ခွင့်ပြုချက်နဲ့မှ ကြည့်ရှုသင့်တဲ့ Restricted R အဆင့် သတ်မှတ်ထားပါတယ်။ ဒီရုပ်ရှင်ကားကို နာမည်ကြီး ရုပ်ရှင်ပွဲတော်တခုဖြစ်တဲ့ Toronto International Film Festival အပါအဝင် တခြားရုပ်ရှင်ပွဲတော်တွေမှာ ကနဦးပြသခဲ့ပြီး Pike ရဲ့ သရုပ်ဆောင်မှုအတွက် ချီးကျူးမှုတွေ အများကြီး ရရှိထားပြီး IMDb မှာလည်း  Rating 7 အထိ ရရှိထားပါတယ်။ ကြာမြင့်ချိန် မိနစ် ၁၁၀ ရှိတဲ့ ဒီရုပ်ရှင်ကားကိုတော့ လာမယ့် နိုဝင်ဘာ ၁၆ ရက်နေ့ ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။ နောက်ထပ် မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကတော့ ပရိသတ်တွေ စောင့်မျှော်နေကြတဲ့ မှော်ဆန်ဆန်ရိုက်ချက်တွေနဲ့ ရှုစားကြရမယ့် Fantastic Beasts: The Crimes of Grinderland ! ဖြစ်ပါတယ်။ နာမည်ကြီး စာရေးဆရာမ J.K. Rowling ရဲ့ ဝတ္ထုကို ဗြိတိန်ဒါရိုက်တာ David Yates က ရိုက်ကူး ပုံဖော်ပေးထားတဲ့ ဒီရုပ်ရှင်ကားကိုတော့ နာမည်ကြီး ရုပ်ရှင်ကုမ္ပဏီ Warner Bros. ကနေ တင်ဆက်လိုက်တာ ဖြစ်ပါတယ်။ ဒီကားဟာ ၂၀၁၆ ခုနှစ်က ထွက်ရှိခဲ့တဲ့ Fantastic Beasts and Where to Find Them ရုပ်ရှင်ရဲ့ နောက်ဆက်တွဲအဖြစ် ထပ်ပြီး ထွက်လာခဲ့တာပါ။ ဒီ Fantastic Beasts ရုပ်ရှင်တွေဟာ ဇာတ်လမ်းသဘောအရ ဟယ်ရီပေါ်တာမတိုင်ခင် နှစ်ပေါင်း ၇၀ လောက်က ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာတွေကို ပုံဖော်တင်ဆက်ထားတာပါ။ ပထမကားထဲမှာတော့ မှော်ဆရာလေး Newt Scamander ရဲ့ အကူအညီနဲ့ အမေရိကန် မှော်ပညာဆိုင်ရာအဖွဲ့ဟာ မကောင်းတဲ့ မှော်ဆရာ Grindelwald ကို ဖမ်းမိခဲ့ပြီး အခုကားထဲမှာတော့ သူဟာ ပြန်လွတ်မြောက်သွားခဲ့ချိန်မှာ ဘာတွေဖြစ်လာမလဲ။ သူ့ရဲ့နောက်လိုက် အပေါင်းအပါတွေနဲ့ ပူးပေါင်းပြီး မှော်ပညာမတတ်တဲ့ သူတွေကို အုပ်စိုးဖို့ ကြိုးစားလာချိန်မှာ ဘယ်လိုတားဆီးကြမလဲ ဆိုတာတွေကို ပရိသတ်တွေက စွန့်စားမှုအသားပေး သရုပ်ဆောင်မှု ပြကွင်းပြကွက်တွေနဲ့ ရှုစားကြရတော့မှာပါ။ ဒီကားထဲမှာတော့ ဟောလိဝုဒ် သရုပ်ဆောင်မင်းသား မင်းသမီးတွေဖြစ်ကြတဲ့ Eddie Redmayne, Katherine Waterston, Jude Law တို့နဲ့အတူ နာမည်ကြီး သရုပ်ဆောင်မင်းသားတယောက်ဖြစ်တဲ့ Johnny Depp ကလည်း ပါဝင်အားဖြည့် သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားထဲမှာပါဝင်တဲ့ ကြမ်းတမ်းတဲ့ တိုက်ခိုက်မှုတွေ၊ ပြကွင်းပြကွက်တွေ၊ ပြောစကား ဒိုင်ယာလော့ခ်တွေဟာ အသက် ၁၃ နှစ်အောက် ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ မိဘအုပ်ထိန်းသူ ခွင့်ပြုချက်နဲ့မှ ကြည့်ရှုသင့်တဲ့ PG-13 အဆင့် သတ်မှတ်ထားပါတယ်။ Fantastic Beasts: The Crimes of Grinderland ရုပ်ရှင်ကားဟာ IMDb မှာလည်း Rating 8.6 အထိ ရရှိထားတဲ့ ရုပ်ရှင်ကားတကားဖြစ်ပြီး ကြာမြင့်ချိန် ၁၃၄ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားကိုတော့ လာမယ့် နိုဝင်ဘာ ၁၆ ရက်နေ့ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ မူဗီခရေဇီတွေကို နောက်ထပ် မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကားကတော့  မြန်မာရုပ်ရှင်ကားတကားဖြစ်တဲ့ မုန်းစွဲ ! ဖြစ်ပါတယ်။ ဒီကားကိုတော့ 7th Sense ရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်လိုက်တာဖြစ်ပြီး လွင်မင်းအံ့ရဲ့ ဇာတ်ညွှန်းကို ဒါရိုက်တာ သြရသက ပုံဖော်ရိုက်ကူးပေးထားတာပါ။ ဒီရုပ်ရှင်ကားဟာ ဆရာတော် အရှင်ဆန္ဒာဓိက ဟောကြားတဲ့ အသေလှတဲ့သူ အမည်ရတဲ့ ဖြစ်ရပ်မှန်တရားတော်ကို ရုပ်ရှင်အဖြစ် ရိုက်ကူး ပုံဖော်ပေးထားတာ ဖြစ်ပါတယ်။    ‘ချစ်စွဲ မုန်းစွဲ’ နဲ့ သေပြီးတော့ လူအဖြစ်ဝင်စားတဲ့အခါမှာ မုန်းစိတ်က အရမ်းစွဲလမ်းနေပြီး မုန်းစွဲစိတ်နဲ့ လူဝင်စားဖြစ်ချိန်မှာ ဒုက္ခများရတဲ့ အကြောင်းတွေ၊ အဓိက,ကတော့ ဘဝကို ချစ်ခြင်း၊ မုန်းခြင်း ကင်းကင်းနဲ့ ရှေ့ဆက်ဖို့ လိုတဲ့အကြောင်း၊ လက်ရှိ ဘဝမှာရော၊ သံသရာမှာရော အစွဲအလမ်း မကြီးသင့်တဲ့အကြောင်း၊ အမုန်းတရားတွေ ကင်းစင်စေလိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီဇာတ်လမ်းကို ဘယ်လိုပုံဖော် ရိုက်ကူးထားမလဲဆိုတာကိုတော့ ပရိသတ်တွေက မကြာခင်မှာ ကြည့်ရှုကြရတော့မှာ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ နာမည်ကြီး သရုပ်ဆောင် မင်းသားမင်းသမီးတွေ ဖြစ်ကြတဲ့ နေတိုး၊ ကျော်ကျော်ဗို၊ ဖွေးဖွေး၊ အေးဝတ်ရည်သောင်းတို့နဲ့အတူ မကြာခင်ကမှ ကွယ်လွန်သွားခဲ့တဲ့ သရုပ်ဆောင်မင်းသား မင်းသွေးလည်း ပါဝင်ထားတာ ဖြစ်ပါတယ်။ မုန်းစွဲရုပ်ရှင်ကားဟာ ထွက်မလာခင်ကတည်းက ပရိသတ်တွေကြားမှာ နာမည်ကြီးနေခဲ့တာဖြစ်ပြီး ရုပ်ရှင်ကား နမူနာကို ဖေ့စ်ဘွတ်ခ်ပေါ်မှာ ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၂ သန်းကျော်ရှိနေခဲ့ပြီ ဖြစ်ပါတယ်။ ရုပ်ရှင်အထူးပွဲပြသမှုကိုတော့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၉ ရက်နေ့က ပြုလုပ်ခဲ့တာဖြစ်ပြီး ဒီကားကိုတော့ လာမယ့် နိုဝင်ဘာ ၁၆ ရက်နေ့ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ နောက်ထပ် မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကားကတော့ Hollywood Romance Drama Sci-Fi ရုပ်ရှင်ပရိသတ်တွေ အကြိုက်တွေ့ကြရမယ့် Jonathan ! ရုပ်ရှင်ကား ဖြစ်ပါတယ်။ ဒီကားကိုတော့ အမေရိကန် ရုပ်ရှင်ဒါရိုက်တာ Bill Oliver က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။ ခန္ဓာကိုယ်တခုတည်းမှာ မတူကွဲပြားတဲ့ စိတ်နဲ့ စရိုက်၊ ဗီဇတွေနဲ့ ထူးထူးဆန်းဆန်း အတူရှိနေခဲ့ကြတဲ့ Jonathan နဲ့ Jon! Jonathan က အောင်မြင်တဲ့ လူငယ်ဗိသုကာ အင်ဂျင်နီယာတယောက်ဖြစ်ပြီး Jon ကတော့ အပျော်အပါးနဲ့ ပွဲလမ်းသဘင်တွေကို သဘောကျတဲ့သူ။ တနေကုန် Jonathan အဖြစ် ရှိနေခဲ့ပြီး အိမ်ပြန်ရောက်ပြီး အိပ်ပျော်သွားတဲ့ ညဘက်မှာတော့ Jon အဖြစ် ရှိနေခဲ့တဲ့ သူတို့ ၂ ယောက်ရဲ့ ဘဝမှာ ချစ်သူရည်းစားမထားဖို့ သဘောတူညီထားခဲ့တယ်။ ဒါပေမယ့် Jon က မိန်းကလေးတယောက်နဲ့ ပတ်သက်မိခဲ့ချိန်မှာတော့ ဒီဇာတ်လမ်းဟာ ဘာတွေဆက်ဖြစ်လာမလဲ။ ဘယ်လိုတွေ ရင်ဆိုင်ကြရမလဲ ဆိုတာတွေကို ပရိသတ်တွေ မကြာခင် ရှုစားကြရတော့မှာ ဖြစ်ပါတယ်။ ဒီကားထဲမှာ စရိုက် ၂ မျိုးနဲ့ အဓိကဇာတ်ကောင် Jonathan နေရာမှာတော့ အမေရိကန် သရုပ်ဆောင်မင်းသား Ansel Elgort က ခေါင်းဆောင်ပါဝင်ထားပြီး သူနဲ့အတူ သရုပ်ဆောင် မင်းသမီးတွေ ဖြစ်ကြတဲ့ Suki Waterhouse, Patricia Clarkson တို့ကလည်း တွဲဖက်ပါဝင်ထားကြတာပါ။ ဒီရုပ်ရှင်ကားကို အခုနှစ်အစောပိုင်း ဧပြီလက Tribeca Film Festival မှာ ကနဦး ပြသခဲ့ပြီး ဆန်းပြားတဲ့ ဇာတ်ကောင်စရိုက်နဲ့ Ansel Elgort ရဲ့ သရုပ်ဆောင်မှုအပေါ် အားပေးချီးကျူးမှုတွေလည်း ရရှိထားတဲ့ ဇာတ်ကားတကားပါ။ ဒီရုပ်ရှင်ကားဟာ IMDb မှာလည်း Rating 6.9 အထိ ရရှိထားတဲ့ ဇာတ်ကားတကားဖြစ်ပြီး ကြာမြင့်ချိန် ၉၅ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားကိုတော့ လာမယ့် နိုဝင်ဘာ ၁၆ ရက်နေ့ ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။ မူဗွီခရေဇီတွေကို နောက်ဆုံး မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကားကတော့ ဒဏ္ဍာရီထဲက နာနာဘာဝဇာတ်လမ်းတွေ နှစ်သက်တဲ့ ပရိသတ်တွေအကြိုက် မြန်မာရုပ်ရှင်ကား ကြတ်ဂူ ဖြစ်ပါတယ်။ ဒီကားကိုတော့ အောင်တိုင်းကျော် ရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်လိုက်တာဖြစ်ပြီး သရုပ်ဆောင်မင်းသား လူမင်းက ကိုယ်တိုင်ဒါရိုက်တာအဖြစ် ပုံဖော်ရိုက်ကူးပေးထားတာ ဖြစ်ပါတယ်။ ကယားပြည်နယ် လွိုင်ကော်မြို့ကနေ ရှားတောမြို့အသွား လမ်းမှာရှိတဲ့ ထူးခြားဆန်းကြယ်မှုတွေနဲ့ ပြည့်နေတဲ့ ကြတ်ဂူအကြောင်းဟာ စိတ်ဝင်စားစရာ ကောင်းပါတယ်။ ပါးစပ်ရာဇဝင်တွေ အများကြီးနဲ့ ကြတ်ဂူရဲ့ ထူးခြားချက်ကတော့ ပေထောင်ချီ ရှည်လျားတဲ့ ဂူအတွင်းပိုင်းမှာ ကျွန်းသစ်တွေနဲ့ ပြုလုပ်ထားတဲ့ ၈ ပေကနေ ၁၂ ပေအထိ ရှိတဲ့ ခေါင်းတလားတွေ၊ အရိုးစုတွေ ရှိနေတာပါ။ ဒါကြောင့်မို့ တချို့ကလည်း ဂူထဲမှာ ကြတ် တစ္ဆေတွေ နေထိုင်ကြတယ်လို့ အယူရှိကြပြီး ဒေသခံတွေရဲ့ ရိုးရာယုံကြည်မှုတွေ၊ ဓလေ့စရိုက်တွေနဲ့ ဒီကားထဲမှာ ဘယ်လိုပုံဖော် ဖန်တီး    ထားမလဲ ဆိုတာကိုတော့ မကြာခင် ပရိသတ်တွေ ကြည့်ရှုကြရတော့မှာ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ ဝါရင့် နာမည်ကြီး သရုပ်ဆောင်တွေဖြစ်ကြတဲ့ လူမင်း၊ မြင့်မြတ်၊ ထွန်းအိန္ဒြာဗို၊ အိန္ဒြာကျော်ဇင်တို့က အတွဲညီညီ ပါဝင်သရုပ်ဆောင်ထားခဲ့ကြတာ ဖြစ်ပါတယ်။ ထူးခြားဆန်းပြားမှုတွေနဲ့ ဒီရုပ်ရှင်ကား နမူနာဟာလည်း ဖေ့စ်ဘွတ်ခ် အင်တာနက် လူမှုကွန်ရက် စာမျက်နှာပေါ်မှာ ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၁ သန်းကျော်ထိ ရှိနေခဲ့တာ ဖြစ်ပါတယ်။ ဒီကားကိုတော့ လာမယ့် နိုဝင်ဘာ ၁၆ ရက်နေ့ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ မူဗွီခရေဇီ-ဒီဗွီဘီ အစီအစဉ်ကို အပတ်စဉ် ဗုဒ္ဓဟူးနေ့ ညတိုင်း ၇း၃၀ နာရီကျရင် ဒီဗွီဘီရုပ်သံချန်နယ်မှာ ထုတ်လွှင့်ပြသနေတာ ဖြစ်ပါတယ်။ ကြည့်ရှုဖို့ မမီလိုက်တဲ့ ပရိသတ်တွေအနေနဲ့ ကြာသပတေးနေ့ ည ၉း၃၀ နာရီ၊ စနေနေ့ နေ့လယ် ၁၂း၁၅ နာရီနဲ့ တနင်္ဂနွေနေ့မနက် ၉း၁၅ နာရီတို့မှာ ပြန်လည်ထုတ်လွှင့်ပေးနေတာ ဖြစ်ပါတယ်။ ဒီအစီအစဉ်မှာ မူဗွီခရေဇီတွေအတွက် နိုင်ငံတကာနဲ့ မြန်မာရုပ်ရှင်ကားတွေ အကြောင်းကို ကောင်းနိုးရာရာ ရွေးချယ်တင်ဆက်ပေးနေတာဖြစ်ပြီး Movie Crazy-DVB ဆိုတဲ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာကနေတဆင့်လည်း အားပေးနိုင်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024