မူးယစ်ရာဇာ နော်ခမ်း၏တပည့်ကို မြန်မာရဲတပ်ဖွဲ့က တရုတ်နိုင်ငံသို့ လွှဲပြောင်း
DVB
·
August 29, 2012

တရုတ်သင်္ဘောသားတွေကို သတ်မှု၊ မူးယစ်ဆေးဝါးမှုတွေနဲ့ စွပ်စွဲခဲ့ရပြီး တရုတ်နိုင်ငံမှာ ဖမ်းဆီးခံထားရတဲ့ စိုင်းနော်ခမ်းကို အမှုတရားစီရင်ရေးမှာ အထောက်အကူဖြစ်စေဖို့ အတွက် နော်ခမ်းရဲ့ အဖွဲ့ဝင် အောင်မြတ် (ခ) ခမ်းဟုန်ကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ က တရုတ်နိုင်ငံကို ခေတ္တလွှဲပြောင်း ပေးအပ်လိုက်တယ်ပါတယ်။
ရှမ်းပြည်နယ် ဒု-ရဲတပ်ဖွဲ့ မှူး ဒုရဲမှူးကြီး ကျော်ထွန်းကတဆင့် တရုတ်ပြည်သူ့ လုံခြုံရေး ၀န်ကြီးဌာနကို သြဂုတ် ၂၈ ရက် ညနေက လွှဲပြောင်းပေးအပ်လိုက်တာလို့ ဒီနေ့ထုတ် နိုင်ငံပိုင် သတင်းစာမှာ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ သြဂုတ် ၂၂ ရက်နေ့ကလည်း မြန်မာစစ်တပ်နဲ့ရဲဘက်က လုံခြုံရေးအရာရှိတွေဟာ စိုင်းနော်ခမ်းအမှု စစ်ဆေးရာမှာ ပူးပေါင်းကူညီဖို့အတွက် တရုတ်နိုင်ငံ ယူနန်ပြည်နယ်ကို သွားရောက်ခဲ့ပါတယ်။
အောင်မြတ် (ခ) ခမ်းဟုန်ဟာ စိုင်းနော်ခမ်းအဖွဲ့မှာ စီမံကွပ်ကဲသူတဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ပြည်တွင်းဥပဒေတရပ်နဲ့ တရားစီရင်ဖို့ ကျိုင်းတုံ အကျဉ်းထောင်မှာ အချုပ်ခံနေရသူ ဖြစ်ပါတယ်။
စိုင်းနော်ခမ်းကတော့ ရွှေတြိဂံဒေသ မဲခေါင်မြစ်ထဲမှာ တရုတ်သင်္ဘောသား ၁၃ ဦး သတ်ခံရမှု၊ မူးယစ်မှုတွေနဲ့ တရုတ်၊ ထိုင်း၊ မြန်မာနဲ့ လာအိုနိုင်ငံတွေက အလိုရှိနေသူဖြစ်ပြီး ပြီးခဲ့တဲ့ဧပြီလက လာအိုမှာ ဖမ်းဆီးခံရပြီးနောက် မေလမှာ လာအိုကနေ တရုတ်နိုင်ငံကို လွှဲပေးခဲ့တာပါ။