Home
မြန်မာသတင်း
လှည်းကူး Eco Green City စီမံကိန်း စာရွက်ပေါ်က စီမံကိန်းဖြစ်နေဟု ပုလဲအမတ်ဝေဖန်
ရွှေအောင်
·
November 13, 2018
ရန်ကုန်တိုင်း၊ လှည်းကူးက Eco Green City စီမံကိန်းဟာ ၂ နှစ်ကျော်ကြာတဲ့အထိ လုပ်ငန်းမစတင်နိုင်သေးဘဲ စာရွက်ပေါ်က စီမံကိန်းပဲ ဖြစ်နေသေးတယ်လို့ ပုလဲမြို့နယ် လွှတ်တော်ကိုယ်စားလှယ်က ဝေဖန်ထောက်ပြလိုက်ပါတယ်။ နိုဝင်ဘာ ၁၃ ရက် ပြည်သူ့လွှတ်တော်မှာ ပုလဲမဲဆန္ဒနယ်က ဒေါ်ခင်စန်းလှိုင်က လှည်းကူးမြို့နယ်မှာ ပုဂ္ဂလိက ကုမ္ပဏီတခုနဲ့ အကျိုးတူပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ Eco Green City စီမံကိန်းနဲ့ စပ်လျဉ်းပြီး ထပ်ဆင့်မေးခွန်းမေးရင်း ပြောဆိုခဲ့တာပါ။ ဆောက်လုပ်ရေး ဒုဝန်ကြီး ဦးကျော်လင်းက စီမံကိန်းအကောင်အထည်ဖော်နိုင်ဖို့ နှစ်ဖက်စာချုပ်မူကြမ်းကို ဒီဇင်ဘာလဆန်းပိုင်းမှာ ရှေ့နေချုပ်ရုံးတင်မယ်၊ ပြီးရင် ရင်းနှီးမြှပ်နှံမှု ကော်မရှင် ဆက်တင်ပြီး ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလလောက်မှာ နှစ်ဖက် စာချုပ်ကြီး ချုပ်ဆိုပြီးရင်တော့ စီမံကိန်းလုပ်ငန်းတွေ စတင်နိုင်မယ်လို့ လွှတ်တော်မှာ ဖြေသွားပါတယ်။ ဒုဝန်ကြီးရဲ့ ဖြေကြားချက်နဲ့ ပတ်သက်ပြီး ဒေါ်ခင်စန်းလှိုင်က “အခု ဝန်ကြီးတင်ပြသွားတဲ့ ပါဝါပွိုင့်ဟာ ကျမတို့ကို အကြိမ်ကြိမ်အခါခါ ရှင်းပြခဲ့တဲ့ ပါဝါပွိုင့်ပဲ ဖြစ်ပါတယ်။ အဲ့ဒီတော့ ကျမရဲ့ မေးခွန်းက သတ္တမအကြိမ်မြောက်ကတည်းက တင်ထားတဲ့ မေးခွန်းဖြစ်ပြီး အခု ဒဿမအကြိမ်မြောက်အထိ ရောက်ရှိလာတဲ့အထိ ဝန်ကြီးဌာနဘက်ကရော ကုမ္ပဏီဘက်ကရော ရန်ကုန်လမ်းကြီးကို ဖြတ်သန်းသွားတဲ့အချိန်မှာ ကျမတို့ မြင်တွေ့နေရတာ ကျမတို့အပြင် ပြည်သူလူထုရော လွှတ်တော်ကိုယ်စားလှယ်ရော မြင်တွေ့နေရတဲ့ အခြေအနေက ဘာမှ တိုးတက်ပြောင်းလဲမှု ရှိလာတာကို ကျမတို့ မမြင်မတွေ့ရပါဘူး။ အဲ့ဒီတော့ ကျမတို့ ပြောချင်တာက ဒီစီမံကိန်းကြီးဟာ စာရွက်ပေါ်က စီမံကိန်း မဟုတ်ပါဘူးရှင့်။ မြေပြင်မှာ တကယ့်လက်တွေ့ ပကတိ အကောင်အထည်ဖော်နိုင်မှုပဲ ဖြစ်ပါတယ်။” အစက လှည်းကူး Eco Green City စီမံကိန်းကို ၂၀၁၈ ခုနှစ်မှာ လုပ်ငန်းစတင်ပြီး တည်ဆောက်ရေးကာလ ၁၀ နှစ် သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။ မြေဧက ၁၄၅၃ ပေါ်မှာ တည်ဆောက် အကောင်အထည်ဖော်မယ့် Eco Green City စီမံကိန်းကို ဆောက်လုပ်ရေးဝန်ကြီးဌာနနဲ့ Alliance Star ကုမ္ပဏီအုပ်စုတို့ အကျိုးတူ ပူးပေါင်းဆောင်ရွက်မှာဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၂ ဘီလီယံလောက် ကုန်ကျမယ်လို့ ခန့်မှန်းထားပါတယ်။ ဒီစီမံကိန်းထဲမှာ တန်ဖိုးနည်းနဲ့ တန်ဖိုးသင့်အိမ်ရာတွေ၊ အဝေးပြေးယာဉ်ရပ်နားစခန်းတွေ၊ ဈေးနဲ့ စားသောက်ဆိုင်တွေ၊ Shopping Mall တွေ၊ ပန်းခြံနဲ့ ကစားကွင်းတွေ တည်ဆောက်ဖို့ ပါဝင်ပါတယ်။ Eco Green City စီမံကိန်း တည်ဆောက်ပြီးစီးသွားရင် လူ ၄၀၀၀၀ လောက် နေထိုင်နိုင်မှာဖြစ်ပြီး လူ ၁၅၀၀၀ လောက်ကို အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးနိုင်မှာလည်း ဖြစ်ပါတယ်။ ဆောက်လုပ်ရေးဝန်ကြီးဌာနဟာ ရန်ကုန်နဲ့ မန္တလေးမှာ မြို့ပြအိမ်ရာစီမံကိန်းကြီး ၄ ခုကို တည်ဆောက် အကောင်အထည်ဖော်ဖို့ရှိပြီး  ရန်ကုန် လှည်းကူးမှာ Eco Green City စီမံကိန်းနဲ့ ကိုရီးယား-မြန်မာ စက်မှုဇုန်တည်ဆောက်ရေး စီမံကိန်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်က Smart District စီမံကိန်းနဲ့ မန္တလေးတိုင်း ပြင်ဦးလွင်က New Mandalay Resort City စီမံကိန်းတို့ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024