ကယ်လီဖိုးနီးယားတောမီး ဧက ၉ သောင်းကျော်လောင်ကျွမ်း၊ အနည်းဆုံး လူ ၃၁ ဦး သေဆုံး

ဓာတ်ပုံ - Reuters
အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် တောင်ပိုင်းမှာ လောင်ကျွမ်းနေတဲ့ ဝုဒ်စ်လေတောမီးကြောင့် အခုချိန်ထိ အနည်းဆုံး လူ ၃၁ ဦး သေဆုံးပြီး ဧက ၉၁,၀၀၀ ကျော် မီးလောင်ကျွမ်းခဲ့တယ်လို့ တာဝန်ရှိသူတွေက နိုဝင်ဘာ ၁၂ ရက်နေ့မှာ ပြောပါတယ်။ အဲဒီတောမီးရဲ့ ၂၀ ရာခိုင်နှုန်းကို ငြှိမ်းသတ်နိုင်ပြီး အဆောက်အဦ ၃၇၀ ကျော် ပျက်စီးခဲ့တယ်လို့လည်း တာဝန်ရှိသူတွေက ပြောပါတယ်။ ဝုဒ်စ်လေတောမီး အရွယ်အစားဟာ မိုင် ၂၀ ရှည်လျားပြီး ၁၄ မိုင် ကျယ်ဝန်းပါတယ်။ ဒါကြောင့် ဗန်ကျူရာနဲ့ လော့စ်အိန်ဂျလိစ် စီရင်စုတွေမှာ နေထိုင်ကြတဲ့ လူနှစ်သိန်းခွဲကို ဘေးလွတ်ရာပြောင်းရွှေ့ဖို့ အာဏာပိုင်တွေက အမိန့်ထုတ်ပြန်ထားပါတယ်။ အဲဒီစီရင်စုတွေမှာ နာမည်ကြီး အနုပညာရှင် အများအပြား နေထိုင်ရာ မာလီဘူးကမ်းခြေဒေသလည်း ပါဝင်ပါတယ်။ ကယ်လီဖိုးနီးယားမြောက်ပိုင်းမှာ လောင်ကျွမ်းနေတဲ့ ကမ့်ဖိုင်းယားတောမီးကြောင့် နိုဝင်ဘာ ၁၂ ရက်နေ့ အစောပိုင်းအထိ လူ ၂၂၈ ဦး ပျောက်ဆုံးနေတယ်လို့ ရဲတပ်ဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။ အဲဒီတောမီးဟာ ပြည်နယ်သမိုင်းမှာ အဖျက်စွမ်းအား အကြီးမားဆုံးတောမီး ဖြစ်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up