DVB Logo
Home
မြန်မာသတင်း
စသုံးလုံးက စစ်ဆေးမှု တင်းကျပ်သဖြင့် ရှမ်းနီပါတီ စည်းရုံးရေးထိခိုက်
DVB
·
August 28, 2012
စသုံးလုံးက စစ်ဆေးမှု တင်းကျပ်သဖြင့် ရှမ်းနီပါတီ စည်းရုံးရေးထိခိုက်
Donate to DVB

တိုင်းလိုင် (ခေါ်) ရှမ်းနီအမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီက အဖွဲ့ဝင်တွေကို ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အထူးစုံစမ်းစစ်ဆေးရေးတပ်ဖွဲ့က စစ်ဆေးမေးမြန်းမှုတွေ လုပ်နေတဲ့အတွက် ပါတီစည်းရုံးရေး ထိခိုက်တယ်လို့ ပါတီဥက္ကဋ္ဌက   ပြောပါတယ်။

ပါတီမှတ်ပုံတင်ခွင့်ရပြီးတဲ့နောက် ပါတီဝင် (၁၀၀၀) ပြည့်ကြောင်း အဖွဲ့ဝင် အမည်စာရင်းတွေ တင်ပြရာမှာ မိုးညှင်းမြို့နယ် စ သုံးလုံးဘက်က စစ်ဆေးမှု တင်းကျပ်လွန်းတယ်လို့  တိုင်းလိုင်ပါတီဥက္ကဋ္ဌ ဦးစိုင်းဌေးအောင်က ပြောပါတယ်။

“သူတို့ ဒီလ ၂၀ ရက်နေ့က စပြီး စစ်ဆေးတာပါ။ သူတို့က ရုံးကို ခေါ်မေးတယ်။ အိမ်တွေကို လိုက်မေးတယ်။ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေဆီမှာလည်း ပြစ်မှု ကင်းရှင်းကြောင်း၊ ဒီရွာမှာ အမှန်တကယ် နေထိုင်ကြောင်း ထောက်ခံစာ ယူခိုင်းတယ်။ နောက်ပြီး မြို့နယ်လက်အောက်ခံရုံးတွေကနေ နိုင် ၂ ပုံစံနဲ့ နိုင်ငံသားမှတ်ပုံတင်ကတ်ပြားတွေကို တိုက်ပြီး စစ်ဆေးတယ်။ အဲဒါတွေ ဘာကြောင့်လုပ်လဲလို့ မေးတော့ တိုင်းရင်းသားပါတီမို့လို့ နိုင် ၂ ပုံစံကို တိုက်ပြီး စစ်ဆေးရတာလို့ ပြော တယ်။ မိုးညှင်းမြို့နယ် စ သုံးလုံး တာဝန်ခံ ဦးအောင်သန်းဦးပါ။ ”

ဒီလိုတင်းကျပ်မှုတွေ ရှိနေတဲ့အတွက် ပါတီဝင်တွေကြား ကြောက်ရွံ့ပြီး နုတ်ထွက်လိုသူတွေ ရှိလာတယ်လို့ ပြောပါတယ်။

“သူတို့ဌာနကဆိုင်ရာတွေက လာစစ်တဲ့အတွက် ကျနော်တို့ပါတီဝင်တွေက အရမ်းကြောက်သွားကြ တယ်။ တခြားပါတီဝင်တွေတော့ အစစ်ဆေးမခံရဘူး၊ ကျနော်တို့ပါတီကျမှပဲ စစ်ဆေးခံရတာတို့ ဖြစ်လာတော့ ပါတီဝင်မယ့်သူတွေက မ၀င်ရဲတော့ဘူးဖြစ်လာတယ် ။ ခြိမ်းခြောက်သလိုဖြစ်သွားတယ်။”

အခုလို စစ်ဆေးမှုတင်းကျပ်တာဟာ မိုးညှင်း ၁ မြို့နယ်ထဲမှာသာဖြစ်ပြီး တခြား မြစ်ကြီးနား၊ ဗန်းမော်၊ ဟုမ္မလင်း၊ မိုးမောက် စတဲ့ မြို့နယ်က ပါတီဝင်တွေရော အခြားတိုင်းရင်းသားပါတီဝင်တွေပါ   အထူးတလည် မေးမြန်း စစ်ဆေးတာ မခံရဘူးလို့ ဦးစိုင်းဌေးအောင်က ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး  နေပြည်တော်က ရွေးကောက်ပွဲကော်မရှင်ဆီကို သြဂုတ် ၂၇ ရက်နေ့ နေ့စွဲနဲ့ စာရေးပြီး မေးမြန်းထားပြီး ကော်မရှင်က အကြောင်းပြန်လာမယ့် စာကို စောင့်မျှော်နေတယ်လို့ ဆိုပါတယ်။

တိုင်းလိုင် ခေါ် ရှမ်းနီလူမျိုးတွေဟာ ရှမ်းတိုင်းရင်းသားမျိုးနွယ်စုတွေထဲက တမျိုးအပါအ၀င်ဖြစ်ပြီး မြန်မာနိုင်ငံအထက်ပိုင်း ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းတွေမှာ အများဆုံးပျံ့နှံ့နေထိုင်ကြတယ်။ လူဦးရေ ၂ သန်းလောက်ရှိတယ်လို့ ရှမ်းနီပါတီက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013