Home
မြန်မာသတင်း
ထိန်ပင်အမှိုက်ပုံမှ စွမ်းအင်ထုတ်မည့်အစီအစဉ် ပြည်သူ့လွှတ်တော်တွင်တင်ပြ
ရွှေအောင်
·
November 12, 2018
ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်ရှိ ထိန်ပင်အမှိုက်ပုံက အမှိုက်တွေကနေ စွမ်းအင်ထုတ်လုပ်ဖို့ အစီအစဉ်တွေ ချမှတ်ထားတယ်လို့ တိုင်းအစိုးရကိုယ်စား နေပြည်တော် ကောင်စီဝင်က ဒီနေ့ ပြည်သူ့ လွှတ်တော်မှာ ပြောသွားပါတယ်။ အမှိုက်ကနေ စွမ်းအင်ထုတ်လုပ်မယ့် အစီအစဉ်တွေကို ပြောသွားပေမယ့် လုပ်ငန်း ဘယ်တော့စမလဲဆိုတာတော့ ရန်ကုန်တိုင်းအစိုးရကို ပြန်မေးပြီးမှ ပြောနိုင်မယ်လို့လည်း ဆိုပါတယ်။ နိုဝင်ဘာ ၁၂ ရက် ပြည်သူ့လွှတ်တော်မှာ လှိုင်သာယာမဲဆန္ဒနယ်က ဦးဝင်းမင်းက  လှိုင်သာယာမြို့နယ်၊ ထိန်ပင် နောက်ဆုံးစွန့်ပစ်အမှိုက်ပုံက အမှိုက်တွေကို မီးရှို့ရှင်းလင်းပြီး လျှပ်စစ်ဓာတ်အားထုတ်ယူတာ၊ စနစ်တကျအမှိုက်သိမ်းတာ၊ အမှိုက်စုပုံတာတွေ  စီမံဆောင်ရွက်ပေးဖို့ အစီအစဉ် ရှိ၊ မရှိ မေးခဲ့တာ ဖြစ်ပါတယ်။ ရန်ကုန်တိုင်းအစိုးရကိုယ်စား နေပြည်တော်ကောင်စီဝင် ဦးညီထွန်းက လွှတ်တော်မှာ လာရောက်ဖြေကြားခဲ့ရာမှာတော့ “ထိန်ပင်အမှိုက်များကို စနစ်တကျ သိမ်းဆည်းခြင်း၊ သိမ်းဆည်းပြီး အမှိုက်များအား အမှိုက်မှ အပူနှင့် လျှပ်စစ်စွမ်းအင်ထုတ်လုပ်ခြင်း၊ စီအန်ဂျီ ထုတ်လုပ်ခြင်း၊ စွမ်းအားပြည့်လောင်စာတောင့်များ ထုတ်လုပ်ခြင်း လုပ်ငန်းစဉ်တို့ကို အကောင်အထည် ဖော်နိုင်ရေးအတွက် ဆက်လက်စီမံဆောင်ရွက်နေတယ်”လို့ ပြောသွားပါတယ်။ လတ်တလော ရန်ကုန်၊ လှော်ကားမှာ တိုင်းအစိုးရနဲ့ ဂျပန်တို့ပူးပေါင်းပြီး အမှိုက်ကနေ စွမ်းအင်ထုတ်တဲ့ စက်ရုံတခု တည်ဆောက်ဖွင့်လှစ်ထားပြီး အဲ့ဒီစက်ရုံမှာ တရက် အမှိုက်တန်ချိန် ၆၀ မီးရှို့နိုင်တယ်။ လျှပ်စစ်ဓာတ်အား ကီလိုဝပ် ၇၀၀ ထုတ်လုပ်နိုင်ခဲ့တယ်လို့လည်း ကောင်စီဝင်က ပြောပါတယ်။ ဒါ့အပြင် အမှိုက်ကနေ စွမ်းအင်ထုတ်ဖို့ တိုင်းအစိုးရဆီမှာ တင်ဒါအောင်ခဲ့တဲ့ ကုမ္ပဏီ ၂ ခုဟာ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနနဲ့ ညှိနှိုင်းမရလို့ လုပ်ငန်းရပ်ဆိုင်းခဲ့ရတယ်လို့လည်း ကောင်စီဝင်က ပြောပါတယ်။ ထိန်ပင်အမှိုက်ပုံဟာ ဧက ၂၄၀ ကျော်ကျယ်ပြီး ၂၀၀၀ ပြည့်နှစ်ကတည်းက ရန်ကုန်အမှိုက်တွေ စွန့်ပစ်ခဲ့တာဖြစ်ပြီး တရက် အမှိုက်တန် ၁၂၀၀ စွန့်ပစ်နေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဧပြီလက ထိန်ပင်အမှိုက်ပုံမှာ မီးလောင်ကျွမ်းခဲ့ပြီး ၁၃ ရက်ကြာ အချိန်ယူ ငြှိမ်းသတ်ခဲ့ရဖူးပါတယ်။ ရန်ကုန်တိုင်း ၃၃ မြို့နယ်ကနေ တရက် အမှိုက်တန် ၂၃၀၀ ကနေ ၂၅၀၀ ကြား ထွက်ရှိနေပြီးထိန်ပင်၊ ထားဝယ်ချောင် စတဲ့ အမှိုက်ပုံတွေမှာ သွားရောက်စွန့်ပစ်နေတာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024