မီဒီယာကောင်စီသစ်ကို စိန်ခေါ်နေတဲ့ ပွတ်တိုက်မှု

3.1K
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ Eleven Media သတင်းသမားသုံးဦးတို့ အမှုကို သတင်းမီဒီယာကောင်စီဝင်အသစ်က လက်လွှဲယူပြီး ဆက်လက်ဆောင်ရွက်သွားမယ်လို့ ဥက္ကဋ္ဌ ဦးအုန်းကြိုင်က ဆိုင်းမဆင့် ဗုံမဆင့် ပြောကြားလိုက်တော့ အခမ်းအနား တက်ရောက်လာသူအားလုံး မအံ့သြပေမယ့် ခေါင်းထောင်လာပါတယ်။
တယောက်နဲ့တယောက် စကားတွတ်ထိုးနေတဲ့ ရွေးချယ်ခံ မီဒီယာကောင်စီဝင်တွေ အားလုံး ဥက္ကဋ္ဌ ဦးအုန်းကြိုင်ဘက်ကို အာရုံရောက်သွားကြပါတယ်။ ဒုတိယသုံးနှစ်အတွက် တာဝန်ယူ ဆောင်ရွက်ကြမယ့် မီဒီယာကောင်စီဝင်တွေဟာ မတူညီတဲ့ နောက်ကြောင်းရာဇဝင်၊ မတူညီတဲ့ အတွေးအမြင်၊ မတူညီတဲ့ ကိုယ်ပိုင်စရိုက် လက္ခဏာတွေ ကိုယ်စီကိုယ်စီ ရှိကြသူတွေပါ။
တကယ်လို့များ သူတို့မှာ တူညီတဲ့ရည်ရွယ်ချက် ရှိမယ်ဆိုရင် အဲဒီရည်ရွယ်ချက်ဟာ မီဒီသမားတွေရဲ့ ပွတ်တိုက်မှုကို မီဒီယာကျင့်ဝတ်နဲ့အညီ စေ့စပ်ညှိနှိုင်းပေးရေးနဲ့ တရားမျှတ လွတ်လပ်တဲ့ မီဒီယာဥပဒေ ပေါ်ပေါက်ရေးပဲ ဖြစ်မှာပါ။
အဲဒီရည်ရွယ်ချက်ကြောင့်ပဲ ဒီနှစ် မီဒီယာကောင်စီဝင် ရွေးချုယ်ပွဲမှာ အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြတယ်လို့ အကောင်းမြင်သက်သက်နဲ့ ကြည့်ခဲ့ပါတယ်။ ဂျာနယ်တွေထဲမှာတော့ မီဒီယာသိုင်းလောကလို့တောင် ထေ့ထေ့ငေါ့ငေါ့လေး သုံးစွဲခဲ့ကြတဲ့အထိ အခြေအနေတွေ ရှိခဲ့တာပါ။
၂၀၁၈ စက်တင်ဘာ ၈ ရက်နေ့က ဒုတိယသုံးနှစ်သက်တမ်းအတွက် ရွေးချယ်ခဲ့တဲ့ ကောင်စီဝင်တွေကို အောက်တိုဘာ ၃၀ ရက်နေ့မှာ သတင်းမီဒီယာ ပုဒ်မ (၁၃) အရ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီကို သမ္မတရုံးအမိန့်နဲ့ ဖွဲ့စည်းလိုက်တာကြောင့် မီဒီယာသိုင်းလောက အခြေအနေလည်း ဒိုင်ပွဲရပ်ခဲ့ပါတယ်။
ခု နောက်တပွဲ စပါတော့မယ်။ ရန်ကုန်တိုင်းအစိုးရနဲ့ Eleven Media သတင်းသမားသုံးဦးတို့ရဲ့ ပွတ်တိုက်မှုပါ။
ဒီတပွဲမှာတော့ မီဒီယာကောင်စီက ဒိုင်လုပ်ရမယ့်ပွဲပါ။ ကောင်စီဝင်သစ်တွေ ပွဲဦးထွက် ဒိုင်လုပ်ရမယ့်ပွဲပါ။
နေရာကတော့ ကုန်သည်လမ်းက အဆောက်အဦဟောင်းတခုမှာရှိတဲ့ မီဒီယာကောင်စီရုံးသစ်။
ဒိုင်လုပ်မယ့်သူတွေက သိုသိုသိပ်သိပ် နေတတ်သူတွေ၊ ချွန်ထက်လျင်မြန်သူတွေ၊ တည်ကြည်ခိုင်ခန့်သူတွေ။ အခြေခံသဘာဝချင်းမတူ၊ အမြင်ချင်း မတူသူတွေ။
ဂျပန်ကို အလည်ရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည် မျက်နှာပျက်ရသလို အာဏာရပါတီရဲ့ နိုင်ငံရေးမျက်နှာစာကို ပွန်းပဲ့စေခဲ့ ဒီပွတ်တိုက်မှု။ တဖက်နဲ့တဖက် ခေါင်းချင်းဆိုင်တိုက်ဖို့ ဟန်တပြင်ပြင်ဖြစ်နေတဲ့ ပွတ်တိုက်မှု။
ဒီပွတ်တိုက်မှုကို သမ္မတကြီးက မီဒီယာကောင်စီခေါင်းပေါ် ယုံယုံကြည်ကြည်နဲ့ တင်လိုက်ပါပြီ။
နှစ်ဦးနှစ်ဖက် ဂုဏ်သိက္ခာ မထိခိုက်အောင် မီဒီယာကောင်စီ ဘယ်လိုညှိနှိုင်းမလဲ။ ဘယ်လိုစေ့စပ်မလဲ။
ညအမှောင်လို သိုသိပ်၊ တောင်တန်းကြီးတွေလို ခိုင်မာ၊ မြားတစင်းလို လျင်လျင်မြန်မြန်နဲ့ ဖြေရှင်းနိုင်ပါမလား။ ထိပ်တိုက်တွေ့ဖို့ ပြင်ထားတဲ့ ခတ်ကြမ်းကြမ်း ပွတ်တိုက်မှုကတော့ မီဒီယာကောင်စီအသစ်ကို စိန်ခေါ်နေပါပြီ။ ။
သားကြီးမောင်ဇေယျ