ရွှေ့ပြောင်းသူများအရေး အီတလီရပ်တည်ချက် လူထောင်ချီ ဆန္ဒပြ

ရွှေ့ပြောင်းနေထိုင်သူတွေအပေါ် အီတလီ အစိုးရရဲ့ ရပ်တည်ချက်ကို ထောင်နဲ့ချီတဲ့လူတွေ ဆန့်ကျင်ဆန္ဒပြနေပါတယ်။ အီတလီ အစိုးရရဲ့ ရွှေ့ပြောင်းနေထိုင်မှု ဆိုင်ရာမူဝါဒနဲ့ လူမျိုးရေး ခွဲခြားမှုတွေကို ဆန့်ကျင်ပြီး ထောင်နဲ့ချီတဲ့ ပြည်သူတွေ ရုမ်းမြို့တော်မှာ နိုဝင်ဘာ ၁၀ ရက်က ဆန္ဒပြနေတာပါ။ လက်ယာစွန်း အသင်းချုပ်ပါတီ အကြီးအကဲနဲ့ ဒုဝန်ကြီးချုပ် မက်သယူး ဆယ်လ်ဗီနီရဲ့ လုံခြုံရေးအမိန့်ကို ဆန္ဒပြသူတွေက ဒေါသထွက်ခဲ့တာပါ။ နိုဝင်ဘာ ၇ ရက်က အစိုးရ တင်သွင်းချက်မူကြမ်းကို အထက်လွှတ်တော်မှာ အတည်ပြု ပေးခဲ့တာပါ။ ခုတော့ ဥပဒေမူကြမ်းဟာ အတည်ပြုချက်ရဖို့ အောက်လွှတ်တော်မှာ ရောက်နေပါပြီ။ ဆန္ဒပြသူတွေထဲမှာ ရာထူးကနေ ဆိုင်းငံ့ခံထားရတဲ့ ရီအာချေ မြို့တော်ဝန် ဒိုမီနီကို လူကာနိုလည်း ပါပါတယ်။ တရားမဝင် ရွှေ့ပြောင်းနေထိုင်မှုကို မျက်နှာသာ ပေးတယ်လို့ စွပ်စွဲခံရတာကြောင့် မြို့တော်ဝန်ဟာ အောက်တိုဘာက နေအိမ်အကျယ်ချုပ် ကျခံခဲ့ရပါသေးတယ်။ အဲဒီနောက် တရားရုံးက ဆုံးဖြတ်ချက်ကို ရုပ်သိမ်းခဲ့တာပါ။ ဒါပေမယ့် ရီအာချေမြို့မှာ နေထိုင်ခွင့် တားမြစ်ပိတ်ပင်ခံထားရပါတယ်။ “အီတလီနဲ့ ဥရောပမှာ စီးမျောနေတဲ့ ဖက်ဆစ်ဝါဒနဲ့ လူမျိုးရေးခွဲခြားမှု ဝါဒတွေ၊ အမုန်းတရားတွေကို ဆန့်ကျင်ဆန္ဒပြဖို့နဲ့ လူသားထုရဲ့ အိမ်မက်တခုနောက်ကို လိုက်ဖို့ ကျွန်တော် ဒီနေရာကို ရောက်နေတာ” လို့ မြို့တော်ဝန်ဟောင်း လူကာနိုက ပြောပါတယ်။ “သည်းမခံတော့မှာကို ကျမ ကြောက်တယ်။ အရာအားလုံးမှာ အရင်းအမြစ် ရှိပါတယ်။ ရန်လိုမှုတွေ ရှိနေတာ မကြိုက်ဘူး” လို့ ဆန္ဒပြသူ အဒဲလ် စန်ထရာက ပြောပါတယ်။ ဒီမူကြမ်းမှာ ရွှေ့ပြောင်းနေထိုင်မှု စည်းမျဉ်းတွေကို တင်းကြပ်ထားပြီး ခိုလှုံခွင့် တောင်းခံသူတွေရဲ့ အခွင့်အရေးကို ကန့်သတ်ထားတယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up