၅ နှစ်အတွင်း ချင်းပြည်နယ် ဖွံ့ဖြိုးတိုးတက်လာဟု ဆွီဒင်သံမှူးကြီးပြော
DVB
·
November 11, 2018
၅ နှစ်အတွင်း ချင်းပြည်နယ် ကျန်းမာရေး၊ ကျား/မ တန်းတူရေးနဲ့ ငြိမ်းချမ်းရေးကဏ္ဍတွေမှာ ဖွံ့ဖြိုးတိုးတက်လာတာဟာ တိုက်ပွဲမရှိတာကြောင့် ဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဆွီဒင်သံမှူးကြီး ဂျိုဟန် ဟာလ်လန်ဘော့က ပြောကြားလိုက်ပါတယ်။
ဆွီဒင်သံမှူးကြီးနဲ့အဖွဲ့ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၅ ရက်က ချင်းပြည်နယ်ကို ကွင်းဆင်းလေ့ရေး သွားရောက်ခဲ့ပြီးနောက် ၁၁ ရက်နေ့က ကလေးမြို့ခံ သတင်းသမားတွေကို ဖိတ်ခေါ် ပြောကြားလိုက်တာပါ။
"ချင်းပြည်နယ်ကို သွားတယ်။ အစိုးရအကြီးအကဲတွေ အရပ်ဘက်အဖွဲ့အစည်းတွေ မီဒီယာတွေနဲ့ တွေ့ဖြစ်တယ်။ ဒီခရီစဉ်မှာ လေ့လာချက်အရ ကျန်းမာရေး ကျားမ တန်းတူရေးနဲ့ ငြိမ်းချမ်းရေး အထူးတိုးတက်လာတယ်။ အဓိကက ချင်းပြည်နယ်မှာ တိုက်ပွဲမရှိတာကြောင့် ဖြစ်တယ်။ တောင်ပိုင်းမှာတော့ တိုက်ပွဲရှိတယ်။ ဒါတွေကိုလည်း ကျနော်တို့ ငြိမ်းချမ်းအောင် ဆောင်ရွက်ရေး ကူညီပေးသွားမယ်။"
ဆွီဒင်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံ ကျန်းမာရေး ကျားမတန်းတူရေးနဲ့ ငြိမ်းချမ်းရေးအတွက် ဒေါ်လာ သန်း ၃၀ လောက် ပါဝင်ထောက်ပံ့ ကူညီပေးနေတာဖြစ်ပြီး နောက်ထပ် ၅ နှစ် စီမံကိန်းသစ်အတွက်လည်း ဆက်ပြီး ကူညီပေးသွားမယ်လို့ သိရပါတယ်။
"ဒီပြည်နယ်မှာ အဓိက စိန်ခေါ်မှုတွေလည်း တွေ့ရပါတယ်။ ဒါကတော့ အခြေခံ အဆောက်အအုံတွေ ဆောက်ဖို့၊ စိုက်ပျိုးမြေ ရှားပါတာတွေလည်း ရှိနေသေးတယ်။ ကျနော်တို့လည်း အများကြီးကူညီချင်ပါတယ်။ ဒါပေမယ့် စိုက်ပျိုးရေးအတွက်တော့ လက်ရှိမှာ မကူညီနိုင်တာ စိတ်မကောင်းဘူး" လို့ ဆွီဒင် သံမှူးကြီးက ပြောပါတယ်။
အဲ့ဒါအပြင် မီဒီယာကဏ္ဍ လွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီး ပြည်နယ် အစိုးရဝန်ကြီးချုပ်နဲ့ အကြောင်းအရာ အများအပြား ဆွေးနွေးခဲ့ပေမယ့် အသေးစိတ် ဆွေးနွေးမှုတွေကိုတော့ ပြောဆိုခဲ့တာ မရှိပါဘူး။
လက်ရှိမှာတော့ ချင်းပြည်နယ်မှာ တခြားကဏ္ဍတွေ တိုးတက်ပြောင်းလဲနေပေမယ့် သတင်းယူခွင့်၊ မီဒီယာလွတ်လပ်ခွင့်ကတော့ ပြောင်လဲမှု နှေးကွေးနေဆဲ ဖြစ်တယ်လို့ ဒေသခံ မီဒီယာသမားတွေက ပြောပါတယ်။
"ချင်းပြည်နယ်အနေနဲ့ ကျနော်တို့ ဖုန်းဆက်သတင်းမေးရင် ရုံးကို လာခိုင်းတယ်။ ဒါအဆင်မပြေဘူး။ ပြီးတော့ ပြည်နယ်လွှတ်တော်အတွင်း သတင်းယူခွင့်မရတဲ့အပြင် တခြားတိုင်း ပြည်နယ်တွေလို လွှတ်တော်အဆောက်အအုံ အပြင်မှာတောင် တီဗွီပြတိုက်ရိုင်ထုတ်လွှင့်ပြီး သတင်းယူခွင့် မရသေးဘူး" လို့ ချင်းတိုင်းရင်းသား သတင်းထောက်တဦးက ပြောပါတယ်။
မင်းရဲစစ်နိုင်