Home
မြန်မာသတင်း
တောင်သူများ နစ်နာမှုအတွက် တင်ပြနိုင်ကြောင်း ဦးပိုင် ကြေညာချက်ထုတ်ပြန်
DVB
·
August 28, 2012
မုံရွာခရိုင် လက်ပန်းတောင်းတောင် ကြေးနီးစီမံကိန်းက မြေယာသိမ်းခံရတဲ့ တောင်သူတွေ နစ်နာမှုနဲ့ လိုအပ်ချက်များ ရှိသည်ဟု ယူဆပါက မြန်မာ့စီးပွားရေးဦးပိုင်ကုမ္ပဏီကို တိုက်ရိုက် တင်ပြနိုင်ကြောင်း ကုမ္ပဏီက ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။ ကြေးနီစီမံကိန်း ဒါရိုက်တာ ဒုတိယဗိုလ်မှူးကြီးဟောင်း ဦးအောင်မြင့်က ထုတ်ပြန်လိုက်တာလို့ ဒေသခံတဦးက ပြောပါတယ်။ မြန်မာ့စီးပွားရေးဦးပိုင်လိမီတက်က တောင်သူတွေရဲ့ တင်ပြချက်ကို အထက်အဆင့်ဆင့်တင်ပြပြီး ဖြည့်ဆည်းလိုက်လျောပေးနိုင်တဲ့ အချက်တွေကို လုပ်ဆောင်ပေးသွားမယ့်အကြောင်း ကြေညာချက်ထဲမှာ ပါရှိတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် တောင်သူလယ်သမားတွေအနေနဲ့ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် က ညှိနှိုင်းဖြေရှင်းမှုတွေကို ကျေနပ်မှုမရှိပါက ပြည်သူ့လွှတ်တော် မြေယာကော်မတီကို တင်ပြနိုင်ကြောင်း ဖော်ပြထားတယ်လို့လည်း ဒေသခံက ပြောပါတယ်။ ကြေးနီစီမံကိန်းအတွက် သိမ်းယူမယ့် မြေဧက ၇၈၀၀ ကျော်ကို ပုဒ်မ ၁၄၄ ကန့်သတ်နယ်မြေအဖြစ် အမိန့်ထုတ်ပြန်ထားပြီး အဲဒီမြေယာပေါ်မှာ လူစု လူဝေးနဲ့ ဆန္ဒပြတာ ဆက်လုပ်ရင် တရားဥပဒေအရ အရေးယူမယ်လို့ ကြေညာချက်မှာ ပါရှိပါတယ်။ မြေယာသိမ်းခံရတဲ့ ဆားလင်းကြီးမြို့နယ်အတွင်းက ကျေးရွာ ၂၆ ရွာက တောင်သူတွေအတွက် လျော်ကြေးငွေ သန်းပေါင်း ၁ သောင်းကို မြန်မာစီးပွားရေး ဦးပိုင်လီမိတက်က သုံးစွဲခဲ့ပြီးပြီလို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ကုမ္ပဏီက လျော်ကြေးငွေပေးခဲ့တယ်လို့ ပြောဆိုချက်အပေါ် ဒေသခံက “ကျနော်တို့ရတာက ၃ နှစ်စာ သီးနှံလျော်ကြေးဆိုပြီး လယ်ကွင်းတွေထဲမှာ သူတို့စမ်းသပ်မယ်။ ကားတွေ ဖြတ်သွားဖြတ်လာလုပ်မယ်။ အဲအတွက်ကို ၃ နှစ်စာ သီးနှံလျော်ကြေးဆိုပြီး ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးက ၀က်မှေးကန်ရွာ အမကကျောင်းထဲမှာ ဒီဇင်ဘာလ ၁၂ ရက် ၂၀၁၀ တုန်းက သူကိုယ်တိုင် ပြောသွားတာ။ အခုမှ မြေလျော်ကြေးလို့ ပြောသွားတာ။ ကျနော်တို့က ၃ နှစ်စာနဲ့ သီးနှံလျော်ကြေး ၁ ဧကကို ၅ သိန်း ၂ သောင်းနဲ့ ယူခဲ့တာ ဟုတ်ပါတယ်။”
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024