A d v e r t i s e m e n t With Us

တောင်သာမြို့နယ်တွင် ရှေးဟောင်းဘုရား ၅ ဆူ ခိုးယူခံရ

မန္တလေးတိုင်း​ဒေသကြီး မြင်းခြံခရိုင်​ ​တောင်​သာမြို့နယ်​ ​ချောင်း​ပေါက်​​ကျေးရွာရှိ မဟာဝါဠုကာရာမ ကျောင်းတိုက်​မှာ ​နိုဝင်ဘာ ၁၀ ရက်နေ့ မနက်အစောပိုင်းက ရှေး​ဟောင်းဘုရား ၅ ဆူ ခိုးယူခံခဲ့ရတယ်လို့ သိရပါတယ်။ ကျောင်းမှာ လာရောက်ဆေးကုပြီး တည်းခိုတဲ့ အမျိုးသမီး ၂ ဦးနဲ့ အပေါင်းအပါတွေက ခိုးယူသွားတာလို့ သံသယရှိတာကြောင့် ရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့ ​တောင်​သာမြို့နယ်​ ​ချောင်း​ပေါက်​​ကျေးရွာ မဟာဝါဠုကာရာမ​ကျောင်း ဆရာ​တော်​ ဦးပညာဝံသက မိန့်​ပါတယ်။ "ဘုန်းကြီးက ဇိဝိတဒါနအဖြစ်​ မြန်​မာတိုင်းရင်း​ဆေးကုသတယ်​။ ပြီးခဲ့တဲ့ သတင်းကျွတ်​လက မြင်းခြံကဆိုပြီး အမျိုးသမီးတ​ဦး ​ရောက်​လာပြီး လက်​ကျိုးလို့ဆိုကာ ​ဆေးကုသတယ်​။ သူက ​ကျောင်းဆရာမလို့ ​ပြောတယ်​။ အခု အဲအမျိုးသမီးက ဒုတိယအကြိမ်​​ဆေးလာကု​တော့ အမျိုးသမီး တစ်ယောက်​ထပ်​ပါလာတယ်​၊ ​ဘုန်းကြီးတို့​ ကျောင်းကို ညအိပ်​ကြတယ်​။ ညဥ့်နက်​ပိုင်းကြ​တော့ ဖုန်းဝင်​လာတဲ့အသံ ကြားရတယ်​။ အဲ့ဒီအမျိုးသမီးရဲ့ ဦး​လေး အ​ရေး​ပေါ် မြင်းခြံ​ဆေးရုံတက်​ရလို့ အသက်​မီဖို့ သူတို့မြင်းခြံကို ပြန်​ချင်​တဲ့အတွက်​ ဘုန်းကြီး​ကျောင်းရှိကားနဲ့ ပြန်​လိုက်​ပို့​ပေးဖို့ အကူအညီ​တောင်းတာ​ကြောင့် ဘုန်းကြီးအပါအဝင်​ ကား​မောင်းတဲ့သူနဲ့ မြင်းခြံကို ည ၂ နာရီ ​လောက်​မှာ လိုက်​ပို့​ပေးခဲ့တယ်​၊ ​မြင်းခြံ​ဆေးရုံ​ရောက်​​တော့ လူနာက မန္တ​လေးကို လွဲလိုက်​တယ်​ဆိုပြီး သူတို့က မန္တ​လေးကို လိုက်​သွားမယ်​​ပြောတယ်​၊ အဲ့အချိန်​မှာ သူတို့နဲ့ချိတ်​ဆက်​ထားတဲ့ အဖွဲ့က ဘုန်းကြီး​ကျောင်းရှိ ​ရှေး​ဟောင်းဘုရား​တွေကို ခိုးယူသွားတာဖြစ်​မယ်​။ ကားနဲ့လာခိုးတာ ကား​ခြေရာလည်း​တွေ့တယ်​၊ ဘုန်းကြီးတို့ကို ပြင်​ပ​ရောက်​​အောင်​ ပထုတ်​လိုက်​တာ​ပေါ့။” အဆိုပါ အမျိုးသမီး ၂ ဦး မန္တလေးသွားမယ်ဆိုတာ သိရလို့ ကားဂိတ်​တွေမှာ လိုက်​လံစစ်​​ဆေးခဲ့ပြီး မြင်းခြံ မိုး​သောက်​ထွန်း ကားဂိတ်​မှာ လက်​မှတ်​ဝယ်​ယူတဲ့ပုံကို cctv မှတ်​တမ်းမှာ ​တွေ့ရှိထား​တာ​ကြောင့် အမျိုးသမီး ၂ ​ယောက်​နဲ့အဖွဲ့ကို သက်​ဆိုင်​ရာ ​ကျောဇီ​ကျေးရွာ နယ်​​မြေရဲစခန်းမှာ အမှုဖွင့်တိုင်​ကြားထားတယ်​လို့ ဆရာတော်က မိန့်ပါတယ်။ ​ပျောက်​ဆုံးသွားတဲ့ ရှေးဟောင်းဘုရား ၅ ဆူထဲမှာ နှစ်​​ပေါင်း ၁၅၀ ​ကျော်​ရှိ မဏိစည်​သူမင်း ကိုးကွယ်​ခဲ့တဲ့ ​ရှေး​ဟောင်းဘုရား ၁ ဆူ ပါဝင်ပြီး ဉာဏ်​​တော်​အမြင့် ၃ ပေ​ကျော်ရှိပါတယ်။ ​မဟာသစ်​ကနက်​သားနဲ့ ထုလုပ်​ထားတာ ဖြစ်​ပြီး ​ရွှေအစစ်​ ၅ ကြိမ်​ ချထားတဲ့ ဘုရားဖြစ်ပါတယ်။ ကျန်တဲ့​ ဘုရား ၄ ဆူဟာ ဆင်​ခံဘုရားတွေ ဖြစ်​ကြပြီး ဉာဏ်​​တော်​အမြင့် ၁​ ပေ​ကျော်​စီ ရှိတယ်​လို့ ဆရာ​တော်​က မိန့်​ပါတယ်​။ ​ရှေး​ဟောင်းဘုရားများ​ ​ပျောက်​ဆုံးမှုနဲ့ပတ်​သတ်​ပြီး သက်​ဆိုင်​ရာ နယ်​​မြေရဲစခန်းအပါအဝင်​ ​နေပြည်​​တော်​အထိ တိုင်​ကြားထားတယ်​လို့ သိရပါတယ်​။ ​တောင်​သာမြို့နယ်​ ​ကျောဇီနယ်​​မြေရဲစခန်းကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းရာမှာ ရှေးဟောင်းဘုရားတွေ ခိုးယူသွားသူတွေကို ဖမ်းမမိသေးကြောင်း၊ ရာဇသတ်​ကြီး ဥပ​ဒေပုဒ်​မ ၃၈၀/၂၉၅ နဲ့ အမှုဖွင့်ပြီး ဖမ်းဆီးမိရေး စုံစမ်းစစ်ဆေးနေတယ်လို့ တာဝန်ရှိသူတဦးက ပြောပါတယ်။ သတင်း ရီရီထွန်း (မြင်းခြံ) ဓာတ်​ပုံ - ဦးပညာဝံသ

A d v e r t i s e m e n t With Us

More News
Up