ရဲက ပြန်တောင်းပန်သဖြင့် လူမှားရိုက်နှက်စစ်ဆေးခံရသူက ကျေအေးပေး
စိုးမိုးအောင်
·
November 10, 2018
ခရီးသွားလုပ်ငန်းရှင်တယောက်အား လူမှားဖမ်းဆီးခဲ့ပြီး နာရီနဲ့ချီ ပုံစံထိုင်ခိုင်းကာ ရိုက်နှက်စစ်ဆေးခဲ့တာကို အလုံရဲစခန်းက ပြန်တောင်းပန်ခဲ့တဲ့အတွက် လုပ်ငန်းရှင်က ကျေအေးပေးလိုက်ပါတယ်။
အလုံမြို့နယ် ရဲတပ်ဖွဲ့ကနေ ခရီးသွားလုပ်ငန်းတခုဖြစ်တဲ့ Babylon Trekking & Camping Tour ကုမ္ပဏီရဲ့ ဒါရိုက်တာ ကိုအောင်စိုးထိုက်ကို နိုဝင်ဘာ ၉ ရက်နေ့ ညနေက အလုံထွေအုပ်ရုံးက ဖုန်းခိုးသူလို့ စွပ်စွဲပြီး ရိုက်နှက်စစ်ဆေးခဲ့တာပါ။
ညနေ ၆ နာရီလောက်က ကိုအောင်စိုးထိုက်ဟာ သမီးဖြစ်သူကို ကျောင်းသွားကြိုချိန်မှာ အရပ်ဝတ်လူ ၂ ယောက် လာရောက်ခေါ်ဆောင်ခဲ့ပြီး ရဲစခန်းမှာ နာရီနဲ့ချီကာ ပုံစံထိုင်ခိုင်းတာအပြင် ရိုက်နှက်တာတွေပါ လုပ်တယ်လို့ ဆိုပါတယ်။
အဲဒီလို တရားခံမဟုတ်ဘဲ ရိုက်နှက်စစ်ဆေးကာ ခိုးယူတယ်ဆိုပြီး ဝန်ခံခိုင်းတဲ့အပေါ် နိုဝင်ဘာ ၁၀ ရက်နေ့က အလုံရဲစခန်းကို တိုင်ကြားဖို့ သွားရောက်ခဲ့ပါတယ်။
တရားခံမဟုတ်ဘဲ မှားယွင်းရိုက်နှက်ခဲ့တဲ့အပေါ် မြို့နယ်ရဲတပ်ဖွဲ့မှူး၊ စခန်းမှူးနဲ့ ရိုက်နှက်ခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်တွေက တောင်းပန်တာကြောင့် အမှုဖွင့်တိုင်ကြားတာမျိုးမလုပ်ဘဲ ကျေအေးလိုက်တယ်လို့ ကိုအောင်စိုးထိုက်က ပြောပါတယ်။
ရဲစခန်းတွေမှာ ရဲအင်အားမလုံလောက်ဘဲ တာဝန်များနေတဲ့အပေါ် အမှုဖော်ထုတ်မှုအပိုင်း အားနည်းတာကြောင့် အခုလို မှားယွင်းစစ်ဆေးတာဖြစ်ကြောင်း၊ ရဲတပ်ဖွဲ့က တာဝန်ရှိသူတွေနဲ့ မှားယွင်းစစ်ဆေးသူတွေကိုယ်တိုင် မှားယွင်းကြောင်းဝန်ခံပြီး နောက်နောင်အခုလို မှားယွင်းတာတွေ မဖြစ်ဖို့ ကတိပေးတာကြောင့် အမှုကို ကျေအေးလိုက်တယ်လို့ ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောပါတယ်။
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ) သတင်းထောက်ဟောင်းလည်းဖြစ်တဲ့ ကိုအောင်စိုးထိုက်ကို အလုံရဲစခန်းက စစ်ဆေးနေချိန်မှာ ကိုအောင်စိုးထိုက် သူငယ်ချင်းတွေ ရောက်လာတာကြောင့် CCTV မှတ်တမ်းတွေပြန်ကြည့်တဲ့အခါ မဟုတ်မှန်ကြောင်း တွေ့ရပြီး မြို့နယ်ရဲတပ်ဖွဲ့မှူးကိုယ်တိုင် အတည်ပြုပြန်လွှတ်ပေးခဲ့တာလို့ ဆိုပါတယ်။
တရားခံအစစ်ကို မဖော်ထုတ်နိုင်တာကြောင့် ရဲတပ်ဖွဲ့အနေနဲ့ လူချင်းတူတဲ့သူကို ရိုက်နှက်ထိုးကြိတ်ပြီး ဝန်ခံခိုင်းသလိုဖြစ်နေတယ်လို့ ကိုအောင်စိုးထိုက်ကပြောပါတယ်။
အလုံရဲစခန်းကနေ ကိုအောင်စိုးထိုက်ကို ည ၁၀ နာရီလောက်မှာမှ ပြန်လွှတ်ခဲ့ပြီး ၄ နာရီကျော် ဖမ်းဆီးခဲ့တာပါ။ အချုပ်ထဲမှာ ရိုက်နှက်စစ်ဆေးတာတွေအပြင် ၂ နာရီလောက် ပုံစံထိုင်ခိုင်းခဲ့တယ်လို့ ကိုအောင်စိုးထိုက်က ပြောပါတယ်။