ပုဒ်မ၆၆ (ဃ) ဖြင့် အမှုဖွင့်ခံထားရသည့် အန်အယ်လ်ဒီအလုပ်အမှုဆောင် ရဲစခန်းတွင် အစစ်ခံ
DVB
·
November 10, 2018
ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) နဲ့ အမှုဖွင့်ခံထားရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ မကွေးတိုင်းဒေသကြီး အလုပ်အမှုဆောင် ဦးမြတ်ကိုဟာ နိုဝင်ဘာလ ၁၀ ရက်နေ့ မနက်ပိုင်းက မင်းဘူးမြို့မ ရဲစခန်းမှာ လာရောက်အစစ်ခံခဲ့ပါတယ်။
ဦးမြတ်ကိုက သူနဲ့ Nan Da အကောင့်ပိုင်ရှင်ကို မင်းဘူး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးတင်အောင်ထွန်းက ၆၆ (ဃ) နဲ့ အမှုဖွင့်ထားတဲ့အတွက် အခုလို လာရောက် အစစ်ခံတာလို့ ပြောပါတယ်။
“Nan Da အကောင့်ပိုင်ရှင်ကတော့ အန်အယ်လ်ဒီပါတီက ဦးအောင်ဝင်းပါ။ ဦးအောင်ဝင်းတင်တဲ့ ပို့စ်အောက်မှာ Comment တခုဝင်ရေးလိုက်တာဖြစ်ပြီး အသုံးပြုခဲ့တဲ့ ဖုန်းကို အပ်နှံပေးခဲ့တာပါ။ ပါတီရဲ့ မူဝါဒအတိုင်း တရားဥပဒေစိုးမိုးရေးကို အဓိကထားတာဖြစ်တဲ့အတွက် ဥပဒေဘောင်အတွင်းကပဲ ဖြေရှင်းမှာပါ။ ဘယ်သူမှားတယ်မှန်တယ်ဆိုတာ ပြည်သူက ဆုံးဖြတ်မှာဖြစ်ပြီး မမှန်တဲ့သူ ကျဆုံးပါလိမ့်မယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
မင်းဘူးမြို့မရဲစခန်းက အမှုစစ် ဒုရဲအုပ်ဇင်လင်းထိုက်က "Nan Da အကောင့်ပိုင်ရှင်ကတော့ ခရီးလွန်နေလို့ မစစ်ဆေးရသေးပါဘူး။ ဦးမြတ်ကိုက Nan Da ပို့စ် အောက်ကနေ "ပြန်ကိုက်ပြီဟေ့" ဆိုတဲ့ Comment ကို ဝင်ရေးခဲ့တဲ့အတွက် အစစ်ခံပြီး အသုံးပြုခဲ့တဲ့ ဖုန်းကို အပ်နှံပေးတာပါ။ Na Da အကောင့်ပိုင်ရှင်က ဦးအောင်ဝင်းဆိုတာ တရားလိုရဲ့ တိုင်ချက်ထဲမှာလည်းပါတယ်။ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ရဲ့ ကိုယ်ရေးအရာရှိလို့ သိရတယ်" လို့ ပြောပါတယ်။
မကွေးတိုင်း မဲဆန္ဒနယ် အမှတ် ၅ က ကိုယ်စားလှယ် ဦးတင်အောင်ထွန်းဟာ ပါတီက နုတ်ထွက်ပြီးတဲ့နောက် ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်ရဲ့ ပြောဆိုချက်တွေဟာ သူ့ရဲ့ ဂုဏ်သိက္ခာထိခိုက်နစ်နာစေတာကြောင့် အောက်တိုဘာ ၂၃ ရက်က ပုဂ္ဂိုလ်ရေးဆိုင်ရာ လွတ်လပ်မှု ဥပဒေနဲ့ အမှုဖွင့်ခဲ့ပါတယ်။
ဒါနဲ့ပတ်သက်ပြီး အောက်တိုဘာ ၂၅ နဲ့ ၂၆ ရက်တွေက Nan Da အကောင့်ပိုင်ရှင်က ဖေ့စ်ဘွတ်ခ်အကောင့်ကနေ “ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာမျိုးညွန့်ကို တရားစွဲသတဲ့၊ ပြုံးမိတယ်” “တရားစွဲတဲ့ ၁ ပြားတန်— ဖတ်ရန် မှတ်ရန် နောင်ဘဝထိသိရန်” စသဖြင့် ရေးသားထားခဲ့သလို Ko Myat Ko အကောင့်ပိုင်ရှင်ကလည်း “ပြန်ကိုက်ပြီဟေ့” လို့ မှတ်ချက် ရေးသားခဲ့ပါတယ်။
ဒါကြောင့် အဲဒီအကောင့် ၂ ခုရဲ့ ပိုင်ရှင်တွေကို အရေးယူပေးဖို့ အောက်တိုဘာ ၂၇ ရက်က မင်းဘူးမြို့မ ရဲစခန်းမှာ ဦးတင်အောင်ထွန်းက အမှုဖွင့် တိုင်တန်းခဲ့တာကြောင့် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) နဲ့ အမှုဖွင့်ခဲ့တာလည်း ဖြစ်ပါတယ်။
သတင်း-မင်းထီး