A d v e r t i s e m e n t With Us

ပုဒ်​မ၆၆ (ဃ) ဖြင့် အမှုဖွင့်ခံထားရသည့် အန်အယ်လ်ဒီအလုပ်အမှုဆောင် ရဲစခန်းတွင် အစစ်​ခံ

ဆက်​သွယ်​​ရေး ဥပ​ဒေပုဒ်မ ၆၆ (ဃ) နဲ့ အမှုဖွင့်ခံထားရတဲ့ အမျိုးသားဒီမိုက​ရေစီအဖွဲ့ချုပ်​ပါတီ မ​ကွေးတိုင်း​ဒေသကြီး အလုပ်​အမှု​ဆောင်​ ဦးမြတ်​ကိုဟာ နိုဝင်​ဘာလ ၁၀ ရက်​​နေ့ မနက်​ပိုင်းက မင်းဘူးမြို့မ ရဲစခန်းမှာ လာ​ရောက်​အစစ်​ခံခဲ့ပါတယ်။ ​ဦးမြတ်​ကိုက သူနဲ့​ Nan Da အ​ကောင့်ပိုင်​ရှင်​ကို မင်းဘူး အမျိုးသားလွှတ်​​တော်​ကိုယ်​စားလှယ်​ ဦးတင်​​အောင်​ထွန်းက ၆၆ (ဃ) နဲ့ အမှုဖွင့်​ထားတဲ့အတွက်​ အခုလို လာ​ရောက်​ အစစ်​ခံတာလို့ ပြောပါတယ်။ “Nan Da အ​ကောင့်ပိုင်​ရှင်​က​တော့ အန်အယ်လ်ဒီပါတီက ဦး​အောင်​ဝင်းပါ။ ဦး​အောင်​ဝင်းတင်​တဲ့ ပို့စ်​​အောက်​မှာ Comment တခုဝင်​​ရေးလိုက်​တာဖြစ်​ပြီး အသုံးပြုခဲ့တဲ့ ဖုန်းကို အပ်​နှံ​ပေးခဲ့တာပါ။ ပါတီရဲ့ မူဝါဒအတိုင်း တရားဥပ​ဒေစိုးမိုး​ရေးကို အဓိကထားတာဖြစ်​တဲ့အတွက်​ ဥပ​ဒေ​ဘောင်​အတွင်းကပဲ ​ဖြေရှင်းမှာပါ။ ဘယ်​သူမှားတယ်​မှန်​တယ်​ဆိုတာ ပြည်​သူက ဆုံးဖြတ်​မှာဖြစ်​ပြီး မမှန်​တဲ့သူ ကျဆုံးပါလိမ့်​မယ်​” လို့ ဒီဗွီဘီကို ​ပြောပါတယ်​။ မင်းဘူးမြို့မရဲစခန်းက အမှုစစ်​ ဒုရဲအုပ်​ဇင်​လင်းထိုက်​က "Nan Da အ​ကောင့်ပိုင်​ရှင်​က​တော့ ခရီးလွန်​​နေလို့ မစစ်​​ဆေးရ​သေးပါဘူး။ ဦးမြတ်​ကိုက Nan Da ပို့စ်​ ​အောက်​က​နေ "ပြန်​ကိုက်​ပြီ​ဟေ့" ဆိုတဲ့ Comment ကို ဝင်​​ရေးခဲ့တဲ့အတွက်​ အစစ်​ခံပြီး အသုံးပြုခဲ့တဲ့ ဖုန်းကို အပ်​နှံ​ပေးတာပါ။ Na Da အ​ကောင့်​ပိုင်​ရှင်​က ဦး​အောင်​ဝင်းဆိုတာ တရားလိုရဲ့ တိုင်​ချက်​ထဲမှာလည်းပါတယ်​။ မ​ကွေးတိုင်း​ဒေသကြီး ဝန်​ကြီးချုပ်​ရဲ့ ကိုယ်​​ရေးအရာရှိလို့ သိရတယ်​" လို့ ပြောပါတယ်​။ မကွေးတိုင်း မဲဆန္ဒနယ် အမှတ် ၅ က ကိုယ်စားလှယ် ဦးတင်အောင်ထွန်းဟာ ပါတီက နုတ်ထွက်ပြီးတဲ့နောက် ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်ရဲ့ ပြောဆိုချက်တွေဟာ သူ့ရဲ့ ဂုဏ်သိက္ခာထိခိုက်နစ်နာစေတာကြောင့် အောက်တိုဘာ ၂၃ ရက်က ပုဂ္ဂိုလ်ရေးဆိုင်ရာ လွတ်လပ်မှု ဥပဒေနဲ့ အမှုဖွင့်ခဲ့ပါတယ်။ ဒါနဲ့ပတ်သက်ပြီး အောက်တိုဘာ ၂၅ နဲ့ ၂၆ ရက်တွေက Nan Da အကောင့်ပိုင်ရှင်က ဖေ့စ်ဘွတ်ခ်အကောင့်ကနေ “ဗဟို အလုပ်​အမှုဆောင်​အဖွဲ့ဝင်​ ​ဒေါက်​တာမျိုးညွန့်ကို တရားစွဲသတဲ့၊ ပြုံးမိတယ်​” “တရားစွဲတဲ့ ၁ ပြားတန်​​—​ ဖတ်​ရန်​ မှတ်​ရန်​ နောင်​ဘဝထိသိရန်​” စသဖြင့် ရေးသားထားခဲ့သလို Ko Myat Ko အကောင့်ပိုင်ရှင်ကလည်း “ပြန်​ကိုက်​ပြီ​ဟေ့” လို့ မှတ်ချက် ရေးသားခဲ့ပါတယ်။ ဒါကြောင့် အဲဒီအကောင့် ၂ ခုရဲ့ ပိုင်ရှင်တွေကို အရေးယူပေးဖို့ အောက်တိုဘာ ၂၇ ရက်က မင်းဘူးမြို့မ ရဲစခန်းမှာ ဦးတင်အောင်ထွန်းက အမှုဖွင့် တိုင်တန်းခဲ့တာကြောင့် ဆက်​သွယ်​​ရေး ဥပ​ဒေပုဒ်​မ ၆၆ (ဃ) နဲ့ အမှုဖွင့်ခဲ့တာလည်း ဖြစ်ပါတယ်။ သတင်း-မင်းထီး

A d v e r t i s e m e n t With Us

More News
Up