အောက်တိုဘာလထဲ လောင်းကစားမှုပေါင်း ၂၀၀ ဖမ်းဆီးခဲ့
DVB
·
November 10, 2018
ပြီးခဲ့တဲ့ အောက်တိုဘာလထဲမှာ တိုင်းနဲ့ပြည်နယ်အသီးသီးမှာ လောင်းကစားအမှုပေါင်း ၂၀၀ ဖမ်းဆီးခဲ့ပြီး လောင်းကြေးငွေ ကျပ်သိန်းပေါင်း ၃၀၀ ကျော် သိမ်းဆည်းခဲ့တယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
ရန်ကုန်တိုင်းထဲမှာ အမှုပေါင်း ၆၀ ဖမ်းဆီးလို့ အများဆုံးဖြစ်ပြီး ဧရာဝတီတိုင်းမှာ ၃၃ မှု၊ ပဲခူးတိုင်းမှာ ၂၉ မှုနဲ့ မကွေးတိုင်းမှာ ၂၁ မှု အများဆုံးဖမ်းဆီးခဲ့ပါတယ်။
အနည်းဆုံးကတော့ ရခိုင်ပြည်နယ်မှာ ဖြစ်ပြီး ၂ မှုပဲ ဖမ်းဆီးနိုင်ခဲ့တာပါ။
ပြီးတော့ တနင်္သာရီတိုင်းမှာ ၃ မှု၊ ကချင်နဲ့ ရှမ်းပြည်နယ်မှာ ၄ မှုစီ၊ နေပြည်တော်မှာ ၇ မှု၊ စစ်ကိုင်းတိုင်းမှာ ၈ မှုနဲ့ အနည်းဆုံး ဖမ်းဆီးခဲ့ပါတယ်။
နှစ်လုံးထီဖမ်းရာကနေ လောင်းကြေးငွေ ၆၁ သိန်းကျော်၊ ချဲထီဖမ်းရာကနေ ကျပ်သိန်း ၁၀၀ ကျော်၊ ဖဲဝိုင်းတွေဖမ်းရာက ကျပ် ၃၈ သိန်းကျော်၊ တခြားလောင်းကစားတွေကနေ ကျပ်သိန်း ၁၃၀ လောက် သိမ်းဆည်းနိုင်ခဲ့ပြီး စုစုပေါင်း ကျပ်သိန်း ၃၃၀ ကျော် သိမ်းဆည်းခဲ့တယ်လို့လည်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။