A d v e r t i s e m e n t With Us

နိုင်ငံပြုပြင်ပြောင်းလဲရေးနှင့် မူဝါဒရေးရာ စဉ်းစားစရာများ (၇)

မြန်မာ့နိုင်ငံရေးနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေကို အနီးကပ် စောင့်ကြည့်လေ့လာနေတဲ့ နိုင်ငံတွေထဲမှာ အိမ်နီးချင်း ထိုင်းနိုင်ငံဟာ ထိပ်ဆုံးက ရှိနေပါတယ်။ ထိုင်းနိုင်ငံရဲ့ စိတ်ဝင်စားမှုဟာ ထိုင်းအစိုးရတင်မကဘဲ ထိုင်းစီးပွားရေး အသိုင်း အ၀န်း၊ တက္ကသိုလ်ပညာရှင်အသိုင်းအ၀န်း၊ လူမှုအဖွဲ့အစည်းတွေနဲ့ မီဒီယာပါမကျန် မြန်မာပြည်က အပြောင်းအလဲကို ရည်ရွယ်ချက်အမျိုးမျိုးနဲ့ အနီးကပ်လေ့လာနေကြပါတယ်။ တကယ်တော့ လွန်ခဲ့တဲ့အနှစ် ၂၀၊ ထိုင်း - မြန်မာ ဆက်ဆံရေးကို ပြန်ကြည့်မယ်ဆိုရင် ထိုင်းနိုင်ငံဟာ မြန်မာနိုင်ငံရဲ့ အပြောင်းအလဲကနေ စီးပွားရေးအခွင့်အလမ်းတွေကို အမိအရ ဆုပ်ကိုင်နိုင်ခဲ့တယ်ဆိုတာ တွေ့ရမှာပါ။ မြန်မာနိုင်ငံမှာ ၁၉၈၈ ခုနှစ် ဒီမိုကရေစီလှုပ်ရှားမှုတွေဖြစ်ခဲ့ပြီး စစ်တပ်က အာဏာရယူခဲ့ချိန်၊ ဆိုရှယ်လစ် စီးပွားရေး စနစ်ကနေ ဈေးကွက် စီးပွားရေး စနစ် ပြောင်းလဲကျင့်သုံးမှုကို စလျင်စချင်း ထိုင်းနိုင်ငံဟာ အစောဆုံး ပြည်ပရင်းနှီးမြှုပ်နှံသူ ဖြစ်ခဲ့ပါတယ်။ ထိုအချိန်က ထိုင်းစစ်တပ် အကြီးအကဲဖြစ်ပြီး နောက်ပိုင်းတွင် ၀န်းကြီးချုပ် ဖြစ်လာခဲ့တဲ့ ဗိုလ်ချုပ်ကြီး ချာဗလစ် ယောင်ချိုင်းယုဟာ ၁၉၈၉ ခုနှစ်မှာ မြန်မာနိုင်ငံကို တရားဝင်လည်ပတ်ခဲ့ပြီး ပူပူနွေးနွေး မြန်မာ စစ်အစိုးရကို ထောက်ခံခဲ့တဲ့ အတွက် မြန်မာစစ်ခေါင်းဆောင်တွေရဲ့ ပထမဆုံး ပြည်ပမိတ်ဆွေဖြစ်ခဲ့ပါတယ်။ သစ်တောနဲ့ ရေထွက် သယံဇာတ အလျှံပယ်ကြွယ်ဝတဲ့ မြန်မာနိုင်ငံဟာ ထိုင်းစီးပွားရေးအတွက် မက်မောစရာ စားကျက်ကြီးဖြစ်တယ်ဆိုတာကို သိထားတဲ့ ထိုစဉ်က ဗိုလ်ချုပ်ကြီး ချာဗလစ် ယောင်ချိုင်းယုဟာ သူနဲ့အတူ ထိုင်းစီးပွားရေးလုပ်ငန်းရှင်တွေကိုပါ တပါတည်း ခေါ်ဆောင်သွားခဲ့ပြီး မြန်မာ သစ်တောနဲ့ ရေထွက်သယံဇာတတွေကို ထုတ်ယူနိုင်ခွင့်ကို အမိအရ ရယူနိုင်ခဲ့ပါတယ်။ ဒီသမိုင်းကြောင်းကို ပြန်သုံးသပ်ရင် ဈေးကွက် စီးပွားရေးခေတ်ဦး မြန်မာစီးပွားရေးထဲ လျင်လျင်မြန်မြန် ခြေသွက်လက်သွက် ၀င်ရောက်လာတာ ထိုင်းစီးပွားရေး လုပ်ငန်းရှင်တွေ ဖြစ်တယ်ဆိုတာ တွေ့ရမှာပါ။ နိုင်ငံခြားငွေ အရေးတကြီး လိုအပ်နေတဲ့ မြန်မာစစ်အစိုးရရဲ့အခက်အခဲကို သိနေတဲ့ ထိုင်းတွေဟာ နိုင်ငံရဲ့ ဧရိယာအများအပြားမှာ ရာစုနှစ်နဲ့ချီပြီး လူတွေရဲ့ပြုပြင်မှုမခံရသေးတဲ့ ထူထပ်စွာ ဖုံးအုပ်နေတဲ့ သစ်တောသယံဇာတတွေနဲ့ မြန်မာကမ်းလွန်ရေပြင်မှာ ငါးဖမ်းခွင့် လိုင်စင်တွေကို ၁၉၈၉ ခုနှစ်ကစလို့ ရရှိခဲ့ပါတယ်။ တချိန်တည်းမှာပဲ တိုက်ဆိုင်တယ်ပဲဆိုဆို ထိုင်းအစိုးရဟာ သူ့နိုင်ငံမှာ မရှိသလောက် ကုန်ခန်းနေပြီဖြစ်တဲ့ သစ်တောတွေကို ထိန်းသိမ်းဖို့ ၁၉၈၉ ခုနှစ်ကစလို့ သစ်ခုတ်ခွင့်ကို တင်းတင်းကြပ်ကြပ် ပိတ်ပင်ခဲ့ပါတယ်။ နှစ် ၂၀ ကျော်ကြာပြီးနောက် ထိုင်းနိုင်ငံနဲ့ နယ်စပ်ထိစပ်တဲ့ မြန်မာပြည်ဘက်က သစ်တောတွေနဲ့ မြန်မာကမ်းလွန်က ရေထွက်သယံဇာတတွေ တဖြည်းဖြည်း ခန်းခြောက်လာနေပြီဆိုတာ လက်တွေ့ ကြုံတွေ့နေရပါပြီ။ အခုတခါ မြန်မာနိုင်ငံဟာ ဈေးကွက် စီးပွားရေးစနစ်ကို ပြောင်းလဲပြီးနောက် စီးပွားရေး ပြုပြင်ပြောင်းလဲမှုကို ဒုတိယအကြိမ် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လာချိန်မှာ ထိုင်းနိုင်ငံဟာလည်း နောက်တကြိမ် မြန်မာနိုင်ငံက စီးပွားရေး အခွင့်အလမ်းတွေကို မျက်စောင်းထိုးနေပါပြီ။ တကယ်တော့ ထိုင်းနိုင်ငံဟာ လွန်ခဲ့တဲ့ နှစ် ၂၀ အတွင်း မြန်မာနိုင်ငံရဲ့ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုမှာ တရုတ်နိုင်ငံပြီးရင် ဒုတိယအများဆုံးဖြစ်ပြီး အမေရိကန်ဒေါ်လာ ၉ ဘီလီယံကျော် ရင်း နှီးမြှုပ်နှံထားပါတယ်။ ဒီတကြိမ် ထိုင်းတွေ စိတ်အ၀င်စားဆုံး ရင်းနှီးမြှုပ်နှံမှုက ထားဝယ်ရေနက်ဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုန်ပဲ ဖြစ်ပါတယ်။ တန်ဖိုးအားဖြင့် ဘီလီယံပေါင်းများစွာ ရင်နှီးမြှုပ်နှံရမယ့် ဒီစီမံကိန်းအကြောင်းကို ယခင်က အပိုင်း ၈ ပိုင်း ခွဲပြီး ရေးသားခဲ့ဖူးပါတယ်။ အခု ဒီဆောင်းပါးမှာ ထိုင်းအစိုးရကရော စီးပွားရေးအသိုင်းအ၀န်းကပါ လက်လွှတ်မခံ အမိအရ ရယူခဲ့တာ ဘာကြောင့်လဲ ဆိုတာကို နောက်ထပ်လေ့လာတွေ့ရှိချက်တွေနဲ့ တင်ပြသွားမှာပါ။ နှစ်ပေါင်း ၂၀ ကြာ မြန်မာစစ်ခေါင်းဆောင်တွေနဲ့ စီးပွားရေးအရ ဆက်ဆံလုပ်ကိုင်ခဲ့တဲ့ ထိုင်းအစိုးရပိုင်းနဲ့ စီးပွားရေး အသိုင်းအ၀န်းဟာ မြန်မာ့ နိုင်ငံရေးနဲ့ မြန်မာစစ်ခေါင်းဆောင်တွေ အကြောင်း ခြေခြေမြစ်မြစ် လေ့လာသိရှိခဲ့ပြီဆိုတာ ထားဝယ်စီမံကိန်းက တစိတ်တပိုင်း ဖော်ညွှန်းနေပါတယ်။ ၂၀၀၈ ခုနှစ်ကစလို့ ထားဝယ်စီမံကိန်း ဖြစ်ပေါ်တိုးတက်မှု အချိန်ဇယားကို လေ့လာကြည့်ရင်း အဲ့ဒီသုံးသပ်ချက် ထွက်လာတာပါ။ ၂၀၀၈ ခုနှစ် မေနဲ့ဇွန်လတွေမှာ ထိုင်းအစိုးရနဲ့ အီတာလျှံ-ထိုင်းကုမ္ပဏီတို့ဟာ ထိုအချိန်က မြန်မာစစ်အစိုးရခေါင်းဆောင်တွေထံ ချဉ်းကပ်ပြီး ထားဝယ်စီမံကိန်း အကောင်အထည်ဖော်ဖို့အတွက် နှစ်နိုင်ငံနားလည်မှုစာချွန်လွှာတွေ လက်မှတ်ရေးထိုးနိုင်ခဲ့ကြပါတယ်။ အဲ့ဒီကာလ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေဟာ အဓိက ဖြစ်ရပ်ကြီး ၃ ခု ဖြစ်ပွားခဲ့ပြီး အလွန်ကိုမတည်ငြိမ်တဲ့ အနေအထားမှာရှိပါတယ်။ အဲ့ဒါတွေက ၂၀၀၇ ခုနှစ်နှောင်းပိုင်း ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများ ဦးဆောင်တဲ့ ဆန္ဒပြမှုတွေကြောင့် တိုင်းပြည်အခြေအနေ မငြိမ်သေးခင်မှာပဲ ၂၀၀၈ မေလမှာ မြန်မာ သမိုင်းမှာ အဆိုးရွားဆုံး နာဂစ်ဆိုင်ကလုန်းမုန်တိုင်းကြောင့် လူပေါင်း သိန်းချီ သေကျေပြီး သန်းချီ အတိဒုက္ခရောက်နေချိန် စစ်အစိုးရက ဖွဲ့စည်းပုံအခြေခံဥပဒေ လူထုဆန္ဒခံယူပွဲကို အတင်းအကျပ်လုပ်ဆောင်ခဲ့ချိန် ဖြစ်ပါတယ်။ ဒီလို ပြည်တွင်းနိုင်ငံရေး မတည်ငြိမ်တဲ့ ၂၀၀၈ ခုနှစ်မှာပဲ ထိုင်းအစိုးရနဲ့ အီတာလျှံ-ထိုင်းကုမ္ပဏီတို့ဟာ နိုင်ငံတောင်ဘက် အန်ဒမန်ကမ်းရိုးတန်းက ထားဝယ်ရေးနက်ဆိပ်ကမ်း စီမံကိန်းအတွက် မြေပြင်လေ့လာမှုတွေ စတင်ခဲ့ပါတယ်။ နောက် ၂ နှစ်အကြာ လက်ရှိမြန်မာ့နိုင်ငံရေးရဲ့ အဓိကအပြောင်းအလဲဖြစ်လာမယ့် ၂၀၁၀ ရွေးကောက်ပွဲမကျင်းပမီ ၅ ရက်အလိုမှာ ထားဝယ်စီမံကိန်း တည်ဆောက်ရေးလုပ်ငန်းတွေ စတင်အကောင်အထည်ဖော်ဖို့ နှစ်နိုင်ငံ စာချုပ်ချုပ်ဆို လက်မှတ်ရေးထိုးခဲ့ပါတယ်။ ရွေးကောက်ပွဲအလွန်ဖြစ်လာမယ့် နိုင်ငံရေး အပြောင်းအလဲတွေကို ထိုင်းအစိုးရနဲ့ စီးပွားရေးသမားတွေက ရဲရဲတင်းတင်းပဲ ကြိုတင်ခန့်မှန်းပြီး စွန်းစားမှုပြုခဲ့တာ အထင်အရှားပါ။ လွန်ခဲ့တဲ့ ၄ နှစ်လောက်ကတည်းက ထားဝယ်စီမံကိန်းမှာ ကြိုတင်ရင်နှီးမြှုပ်နှံခဲ့တာ နိုင်ငံရေးအရ စွန့်စားမှု (Political Risk) ကြီးမားတယ်ဆိုတာ ထိုင်းတွေ ကောင်းကောင်းသိသလို ဒီစီမံကိန်းမှာ ၎င်းတို့တွက်ထားသလို လိုအပ်တဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေကို ထိုင်းကုမ္ပဏီတွေက ဆွဲဆောင်နိုင်မယ်ဆိုရင် ထားဝယ်စီမံကိန်းဟာ ထိုင်းစီးပွားရေး တခုလုံးအတွက် ကြီးမာတဲ့ အကျိုးအမြတ် (High Returns) ရမှာ ဖြစ်တဲ့အတွက် ထိုင်းနိုင်ငံရေးလောကမှာ အာဏာရပါတီနဲ့ အတိုက်အခံပါတီတို့အကြား ရှားရှားပါးပါး ဘုံသဘောတူညီချက် ရယူနိုင်တဲ့ တခုတည်းသော အကြောင်းအရာ ဖြစ်ခဲ့တယ်။ ဒီနေရာမှာ ထိုင်းတွေ ဘယ်လောက်ပါးနပ်မှုရှိရှိနဲ့ ထားဝယ်စီမံကိန်းမြေတွေကို နိုင်ငံတကာ ကုမ္ပဏီတွေလက်ထဲ လက်ညှိုးထိုးရောင်းစားဖို့ လုပ်ခဲ့ပုံကို ပြောပြချင်ပါတယ်။ ရေနက်ဆိပ်ကမ်း စီမံကိန်းဒေသမှာ နေထိုင်နေကြတဲ့ ကျေးရွာ တွေနဲ့ပတ်သက်ပြီး အီတာလျှံ - ထိုင်းကုမ္ပဏီဟာ တဖက်မှာ ခက်ခက်ခဲခဲ ကိုင်တွယ်ဖြေရှင်းနေရတာကို နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူတွေမသိနိုင်အောင် ကုမ္ပဏီက ရင်းနှီးမြှုပ်နှံသူတွေ လေ့လာနိုင်အောင် တရားဝင်ထုတ်ဝေတဲ့ ထားဝယ်စီမံကိန်းဆိုင်ရာ အချက်အလက်တွေမှာ ချန်လှပ်ထားပါတယ်။ အခြားတဖက်မှာ ၂၀၁၁ ခုနှစ် နှစ်လည်ကတည်းက ဘန်ကောက်နဲ့ ဂျပန်နိုင်ငံ တိုကျိုမြို့တွေမှာ ထားဝယ်က စက်မှုဇုန် မြေကွက်တွေကို မြေပုံပေါ်မှာ လက်ညှိုးထိုးပြီး ကြိုက်ရင် ကြိုတင်စရန်သတ်ဖို့အတွက် ဖိတ်ခေါ်ခဲ့ပါတယ်။ ဒီလိုလုပ်တာဟာ ဘာနဲ့တူသလဲဆိုရင် ရန်ကုန်မြို့က ဆောက်လုပ်ရေးကုမ္ပဏီတွေ ကြိုပွိုင့်ယူပြီး အိမ်ဆောက်တဲ့နည်းပါပဲ။ ဒါကို မြန်မာအစိုးရသစ် မသိဘဲမနေပါဘူး။ ဒါကြောင့်လဲ ထားဝယ်စီမံကိန်းကို မြန်မာအစိုးရပိုင်းက တာဝန်ယူထားတဲ့ အရာရှိကြီးတွေကြားထဲမှာ အီတာလျှံ - ထိုင်းကုမ္ပဏီရဲ့ လုပ်ပုံကိုင်ပုံတွေကို သဘောမကျဖြစ်လာပြီး အယုံအကြည်ပါ နည်းလာတာကို ထုတ်ဖော်ပြောဆိုလာတဲ့အခြေအနေထိ ရှိနေပါပြီ။ ဒီဖြစ်ရပ်ကိုကြည့်ပြီး အရေးကြီးဆုံး မေးခွန်းတခု ပေါ်ပေါက်လာပါတယ်။ အဲ့ဒါက ထားဝယ်စီမံကိန်းတခုလုံးကို တည်ဆောက်ဖို့ လိုင်စင်ရထားတဲ့အတွက် ထိုင်းတို့က နိုင်ငံတကာ ရင်နှီးမြှုပ်နှံမှုတွေကို ရှာဖွေစုဆောင်းတဲ့နေရာမှာ ဒေါ်လာ ဘီလီယံနဲ့ချီတဲ့ အရင်းနှီးတွေကို ၎င်းတို့နိုင်ငံအတွင်း အခြေကျထူထောင်ပြီးသား ငွေကြေးအရင်းအနှီး ဈေးကွက်ထဲ ၀င်ရောက်လာအောင် ကြိုးစားနေတာလားဆိုတဲ့ မေးခွန်းပါ။ ဒီမေးခွန်းမေးရတဲ့အကြောင်းက ထိုင်းတို့မှာ စတော့ခ်အိတ်ချိန်း (Stock Exchange) ရှိပြီး နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှု ဈေးကွက်တွေနဲ့ ကောင်းကောင်းချိတ်ဆက်ထားနိုင်သလို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေအတွက် ဥပဒေနဲ့ စည်းမျဉ်းစည်းကမ်းတွေ ပြည့်ပြည့်စုံစုံရှိနေပြီး မြန်မာတွေက အခုမှ စတော့ခ်အိတ်ချိန်းဖွင့်ဖို့ ဂျပန်တွေရဲ့ အကူအညီနဲ့ စလုပ်တုန်း ဖြစ်တဲ့အတွက် ထားဝယ်စီမံကိန်းမှာ ရင်းနှီးမြှုပ်နှံလိုတဲ့ နိုင်ငံတကာလုပ်ငန်းရှင်တွေက ထိုင်းငွေကြေးဈေးကွက်က တဆင့် ရင်းနှီးမြှုပ်နှံလာမယ်ဆိုရင် ထားဝယ်စီမံကိန်းဟာ မြန်မာ့စီးပွားရေး တိုးတက်ဖို့အတွက်မဟုတ်ဘဲ တိုးတက်နေပြီ ဖြစ်တဲ့ ထိုင်းစီးပွားရေးကို ပိုပြီးချဲ့ထွင်တဲ့ စီမံကိန်းဖြစ်သွားနိုင်ပါတယ်။ ထိုင်းအစိုးရနဲ့ စီးပွားရေးသမားတွေ သူတို့အကျိုးကြည့်ပုံ နောက်ထပ်ဥပမာတခုက ကျောက်မီးသွေး လျှပ်စစ်ဓာတ်အားပေး စက်ရုံတည်ဆောက်ရေး စီမံကိန်းပါပဲ။ လျှပ်စစ်စွမ်းအင်ကို ဈေးပေါပေါနဲ့ရရှိဖို့ ပတ်ဝန်းကျင် အိမ်နီးနားချင်းနိုင်ငံတွေဖြစ်တဲ့ လာအိုနဲ့ မြန်မာတို့မှာ ရေအားလျှပ်စစ်စီမံကိန်း အကြီးစားတွေနဲ့ သဘာဝဓာတ်ငွေ့သိုက်တွေကို စာချုပ်တွေ ချုပ်ပြီး သိမ်းကျုံးရယူဖို့ ကြိုးစားနေတဲ့ ထိုင်းတွေဟာ ထားဝယ်စီမံကိန်းမှာ နောက်ထပ်ခြေလှမ်းတခုကိုလည်း ပြင်ဆင်လာပါတယ်။ မီဂါဝပ် ၄၀၀၀ ထုတ်လုပ်ဖို့အတွက် ထားဝယ်ရေနက်ဆိပ်ကမ်းနဲ့ တွဲဆက်လျက် မြေဧရိယာ ၃.၇၀ စတုရန်းကီလိုမီတာပေါ်မှာ ကျောက်မီးသွေးဓာတ်အားပေးစက်ရုံ အနည်းဆုံး ၃ လုံး ဆောက်လုပ်ဖို့ စီစဉ်ထားခဲ့ပါတယ်။ အဲ့ဒီစက်ရုံ ၃ လုံး ထဲမှာ မီဂါဝပ် ၁၈၀၀ ထုတ်လုပ်နိုင်မယ့် စက်ရုံနှစ်လုံးက ထိုင်းနိုင်ငံကို တင်ပို့မယ့် လျှပ်စစ်ဓာတ်အား မီဂါဝပ် ၃၆၀၀ အတွက်ဖြစ်ပြီး တတိယစက်ရုံက မီဂါဝပ် ၄၀၀ ထုတ်လုပ်ပြီး ထားဝယ်စီမံကိန်းမှာ လိုအပ်တဲ့ လျှပ်စစ်ဓာတ်အားပေးဖို့ ဖြစ်တယ်။ ဒီစီမံကိန်း ဒီဇိုင်းကိုကြည့်ရင် ထိုင်းတွေဘယ်လောက် ကိုယ်ကျိုးရှာသလဲဆိုတာ သိသာပါတယ်။ ကျောက်မီးသွေး လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေကြောင့် ထိုင်းနိုင်ငံမှာ သဘာ၀၀န်းကျင် ထိခိုက်ပျက်စီးမှုနဲ့ အနီးဝန်းကျင်မှာ နေထိုင်ကြတဲ့ ပြည်သူတွေ ကျန်းမာရေးပြဿနာတွေ ဆိုးဆိုးရွားရွားရင်ဆိုင်ရလို့ ထိုင်းနိုင်ငံမှာ ကျောက်မီးသွေးဆန့်ကျင်ရေး လှုပ်ရှားမှုပြင်းထန်ခဲ့လို့ ထိုင်းအစိုးရက ကျောက်မီးသွေးက လျှပ်စစ်ထုတ်ယူတဲ့နည်းလမ်းကို လျှော့ချဖို့ကြိုးစားလာပြီး ဒီပြဿနာရဲ့အဖြေကို အိမ်နီးချင်း မြန်မာနိုင်ငံက ထားဝယ်စီမံကိန်းမှာ ကျောက်မီးသွေးစက်ရုံတွေ ဆောက်လုပ်ဖို့ စီစဉ်ပြီး အဖြေရှာခဲ့ပါတယ်။ ဒီရင်းနှီးမြှုပ်နှံမှုဟာ မြန်မာပြည်သူတွေအကျိုးအတွက် မဟုတ်ဘူးဆိုတာ သိသွားတဲ့  သမ္မတ ဦးသိန်းစိန်အစိုးရက မီဂါဝပ် ၃၆၀၀ ထုတ်လုပ်မယ့် အစီအစဉ်ကိုပယ်ဖျက်ပြီး မီဂါဝပ် ၄၀၀ ထုတ်လုပ်ဖို့ကိုတော့ စဉ်းစားမယ်လို့ ပြင်ဆင်ခဲ့ပါတယ်။ မြန်မာအစိုးရဘက်က ထားဝယ်စီမံကိန်းကို ဒီလို စိစစ်လုပ်ဆောင်လာတာ ကြိုဆိုရမယ့် လက္ခဏာဖြစ်ပေမယ့် ရှေ့က စစ်အစိုးရရဲ့ ထားဝယ်စီမံကိန်းနဲ့ပတ်သက်ပြီး လုပ်ဆောင်ခဲ့တာတွေဟာ နိုင်ငံအကျိုး မကြည့်ရာ ကျလွန်းတယ်လို့ သုံးသပ်လို့ရပါတယ်။ အခုတော့ စစ်အစိုးရလက်ထက် ထားဝယ်စီမံကိန်းကြီး ပေါ်ပေါက်လာရေးမှာ အဓိကတာဝန်ရှိခဲ့တဲ့ အဲ့ဒီအချိန်က နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌဖြစ်ခဲ့တဲ့ ဒုသမ္မတ ဦးတင်အောင်မြင်ဦးလည်း အနားယူသွားပါပြီ။ အကျိုးအမြတ် ကြီးမယ်လို့ တွက်ချက်ပြီး ဦးတင်အောင်မြင်ဦးနဲ့ အလွန်နီးစပ်မှုရှိတယ်လို့ လူသိများတဲ့ Max Myanmar စီးပွားရေး လုပ်ငန်းစုကြီးလည်း စီမံကိန်းမှာ မြန်မာဘက်က တဦးတည်းမူပိုင် ရင်းနှီးမြှုပ်နှံခွင့်ရယူခဲ့ပြီးမှ စီမံကိန်းက ထွက်ခွာဖို့ ပြင်ဆင်နေပါတယ်။ လွန်ခဲ့တဲ့ ဇူလိုင်လ ၂၂ မှ ၂၄ ရက်ကြာ သမ္မတဦးသိန်းစိန်ရဲ့ ထိုင်းနိုင်ငံခရီးစဉ်အတွင်း ၂၀၀၈ ခုနှစ်က နှစ်နိုင်ငံအစိုးရတွေအကြား ထားဝယ်စီမံကိန်း နားလည်မှုစာချွန်လွှာ (MoU) ထိုးခဲ့တာ သက်တမ်းကုန်ဆုံးတော့မှာဖြစ်လို့ အသစ် တဖန် လက်မှတ်ရေးထိုးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ၂၀၀၈ ခုနှစ် MoU မှာ နှစ်နိုင်ငံအစိုးရတွေအနေနဲ့ ရေနက်ဆိပ်ကမ်းနဲ့ နယ်စပ်ဖြတ်ကျော် အဝေး ပြေးလမ်းဖောက်လုပ်ရေး စီမံကိန်းနှစ်ခုကိုသာ သဘောတူခဲ့ပေမယ့် အခု MoU အသစ်မှာ ပေးထားတဲ့ခေါင်းစဉ် (Memorandum of Understanding (MOU) on the Comprehensive Development in the Dawei Special Economic Zone and its Related Project Areas) အရ စီမံကိန်းတခုလုံးကို လွှမ်းခြုံတဲ့ MoU ဖြစ်လာပါတယ်။ ဒါဟာဘာကိုပြဆိုသလဲဆိုရင် ယခင်ကလို အီတာလျှံ - ထိုင်း ကုမ္ပဏီကို လုပ်ပိုင်ခွင့်တွေ အားလုံးပေးပြီး ထားဝယ် စီမံကိန်းတခုလုံးကို ပုံအပ်ထားတာမျိုး မဟုတ်တော့ဘဲ အစိုးရတွေကိုယ်တိုင်ဦးဆောင်မယ့် (Government-to-Government) စီမံကိန်းအသွင်ဆောင်လာတယ်လို့ သုံးသပ်လို့ရပါတယ်။ ဒါပေမယ့် MoU အသစ်ရဲ့ အသေးစိတ် အချက်အလက်တွေကို နှစ်နိုင်ငံအစိုးရတွေက အများပြည်သူလေ့လာနိုင်ဖို့ ထုတ်ပြန်ခြင်းမရှိသေးတဲ့အတွက် စီမံကိန်း အကောင်အထည်ဖော်မှုဒီဇိုင်း အပြောင်းအလဲကို အတိအကျသိရှိဖို့ ခက်ခဲနေပါသေးတယ်။ သမ္မတဦးသိန်းစိန်အနေနဲ့ ၎င်းချမှတ်ထားတဲ့ မူတွေအတိုင်း ထားဝယ်စီမံကိန်းဟာ မြန်မာနိုင်ငံနဲ့ပြည်သူတွေအတွက် အမှန်တကယ်အကျိုးဖြစ် ထွန်းဖို့နဲ့ မီဂါဝပ် ၄၀၀၀ ကျောင်မီးသွေးလျှပ်စစ်ဓာတ်အားပေးစက်ရုံတွေ ဆောက် လုပ်ရေး စီမံကိန်းလို နိုင်ငံတော်ရဲ့ ဂုဏ်သိက္ခာကိုထိခိုက်စေတဲ့ စီမံကိန်းအမှားမျိုးတွေ MoU အသစ်မှာ ထပ်မံချုပ်ဆိုမှု မပြုမိဖို့ အရေးကြီးပါတယ်။ MoU အသစ်မှာ ဘယ်လိုအပြောင်းအလဲတွေ လုပ်စေကာမူ နှစ်နိုင်ငံအစိုးရတွေနဲ့ စီမံကိန်းမှာ ပါဝင်ပတ်သက်နေတဲ့ ကုမ္ပဏီကြီးတွေ ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ခံမှုရှိရှိ ဆောင်ရွက်သင့်တဲ့အချက်က ထားဝယ်စီမံကိန်းနယ်မြေဟာ လူဦးရေ ၃ သောင်း ကျော်နေထိုင်တဲ့ ကျေးရွာပေါင်း ၂၀ ခန့် တည်ရှိနေတယ်ဆိုတာနဲ့ အဲ့ဒီပြည်သူတွေရဲ့ ဘ၀ရပ်တည်ရေး အခြေပျက် အနေပျက်မဖြစ်အောင် ဘယ်လိုအစီအမံတွေနဲ့ အာမခံချက်တွေ လုပ်ဆောင်ပေးမယ်ဆိုတာကို စီမံကိန်းနယ်မြေက ပြည်သူတွေနဲ့ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူတွေကို ရဲရဲဝင့်ဝင့် ထုတ်ဖော်ရှင်းလင်းပြောဆိုဖို့ လိုအပ်ပါတယ်။ အခုအချိန်ထိ စီမံကိန်းနယ်မြေမှာ ဘိုးစဉ်ဘောင်ဆက်နေထိုင်ကြတဲ့ ပြည်သူတွေဟာ သူတို့ရဲ့အနာဂတ် မရေရာမှုတွေအတွက် စိုးရိမ်သောကတွေ ဝေနေတယ်ဆိုတာ သမ္မတဦးသိန်းစိန် သိရှိအောင် အဲ့ဒီကျေးရွာတွေဆီ အရောက် တခေါက်လောက် တိုင်းခန်းလှည့်လည် ကြည့်ရှုသင့်ပါကြောင်း တင်ပြလိုက်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up