Home
ဆောင်းပါး
မြေမြှုပ်မိုင်းကြောင့် ဆယ်ကျော်သက်အရွယ်မှ နှစ်ပေါင်း ၄၀ အိမ်တွင်းပုန်းဘဝ ရောက်ခဲ့သူ
DVB
·
November 9, 2018
ကျူထရံကာ ခြေတံရှည်အိမ်တလုံးအောက်က ကွပ်ပျစ်လေးပေါ်မှာ ဆံပင်အုံ့လုံးသိမ်းထုံးထားပြီး ခပ်နွမ်းနွမ်း အိမ်နေအင်္ကျီလေး ဝတ်ထားတဲ့ အမျိုးသမီးကြီးတဦးဟာ ကွမ်းသီးခြင်းတွေနဲ့ ကွမ်းသီးပုံတွေကြားထဲမှာ ထိုင်နေပါတယ်။ ဒီအတိုင်းကြည့်ရင်တော့ သူမဟာ ဘာမှမထူးခြားတဲ့ သာမန်အမျိုးသမီးတဦးပါ။ ဒါပေမယ့် ထိုင်နေရာကနေ တခြားတနေရာကို ရွှေ့တော့မယ်ဆိုရင်တော့ သူမရဲ့ သာမန်မဟုတ်တဲ့ အနေအထားကို မြင်သူတိုင်းက ချက်ချင်းသတိပြုမိသွားမှာပါ။ သူမဟာ ခြေနှစ်ဖက်စလုံး ပေါင်လယ်ကနေ ပြတ်နေတဲ့အတွက် လက်ကိုအသုံးပြုပြီး တင်ပါးကို တွန်းလျက်သာ ရွေ့လျားသွားလာနိုင်သူ ဖြစ်ပါတယ်။ ဒီလို ကိုယ်လက်အင်္ဂါ ချို့ယွင်းမှုဟာ သူမဘဝမှာ မွေးရာပါမဟုတ်သလို ရိုးရိုး မတော်တဆမှုကြောင့်လည်း မဟုတ်ခဲ့ပါဘူး။ “သြော်…ကိုယ့်ကံတရားပဲပေါ့။ မဟုတ်ဘူးလား။ ဟိုဘဝက မကောင်းတာဖြစ်ခဲ့လို့ နေမှာပေါ့” လို့ ကွမ်းသီးခြစ်ရင်း ခပ်သဲ့သဲ့ရယ်သံနဲ့ ပြောပါတယ်။ သူမဟာ အသက် ၅၃ နှစ်အရွယ် ဒေါ်ခင်စန်းဖြစ်ပြီး လွန်ခဲ့တဲ့အနှစ် ၄၀ တုန်းက ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) နဲ့ မြန်မာ့တပ်မတော်တို့အကြား အပြန်အလှန် ထောင်ထားတဲ့ မြေမြှုပ်မိုင်းကို တက်နင်းမိခဲ့လို့ ခြေနှစ်ဖက်လုံး ပြတ်ခဲ့သူပါ။ ဘယ်သူ့မိုင်းကို နင်းမိတာလဲ ဆိုတာတော့ အခုချိန်ထိ သူမအပါအဝင် ဘယ်သူကမှ သေချာမသိကြပါဘူး။ တကယ်တော့ အပြင်လူ တစိမ်းတယောက်ကို ဒီအဖြစ်အပျက်နဲ့ပတ်သက်ပြီး အခုလို ပေါ့ပေါ့ပါးပါး ပြန်ပြောပြနိုင်ဖို့ ဆယ်စုနှစ်ပေါင်းများစွာ သူမ ခွန်အားယူခဲ့ရပါတယ်။ ၁၉၈၁ ခုနှစ်ဝန်းကျင်ကာလ မိုင်းထိခဲ့တဲ့အချိန်မှာ သူမဟာ ၁၃ နှစ်အရွယ် ဆယ်ကျော်သက် မိန်းကလေးတဦးပါ။ သူမရဲ့အဒေါ်၊ သူမရဲ့ သူငယ်ချင်းတဦးတို့နဲ့အတူ ကွမ်းသီးနဲ့ ဆန် လဲလှယ်ဖို့အတွက် ရွာအပြင် ကွင်း (မုန်းချောင်းရဲ့အနောက်ဘက်ခြမ်းကျေးရွာ) ထဲကိုအသွား၊ လမ်းခုလပ်မှာ မိုင်းနင်းမိခဲ့တာ ဖြစ်ပါတယ်။ [caption id="attachment_298836" align="alignleft" width="384"] ဓာတ်ပုံ - Wah Wah-BWU[/caption] သူမ မိုင်းထိပြီးနောက်ပိုင်း သူမဘဝအတွက် အဓိကအရေးပါတဲ့သူကတော့ သူမရဲ့အမေ ဒေါ်ညွန့်ရီပဲ ဖြစ်ပါတယ်။ မိခင်ဒေါ်ညွန့်ရီဟာ အကျပ်အတည်းပေါင်းစုံကြား သေဘေးထဲက သူမဘဝကို ဆွဲထုတ်ပြီး ဒုတိယအကြိမ်မြောက် ပြန်လည်မွေးထုတ်ပေးခဲ့တဲ့မိခင် ဖြစ်ပါတယ်။ “စဖြစ်တုန်းကဆို အဲဒီမိုင်းထောင်တဲ့သူကို အစိမ်းလိုက်တောင် ဝါးစားချင်တယ်။ ကိုယ့်ဆီမှာ လက်နက်မရှိလို့။ လက်နက်သာရှိပြီး ဘယ်သူထောင်သလဲဆိုတာ သိခဲ့ရင် အဲဒီမိုင်းထောင်တဲ့သူကို ပစ်သတ်မိမလား မသိဘူး..” အသက် ၇၀ ကျော်အရွယ် ပိန်ပိန်သေးသေး ဒေါ်ညွန့်ရီဟာ သမီး မခင်စန်း မြေမြှုပ်မိုင်းထိချိန်က ခံစားခဲ့ရတာတွေကို ပြန်ပြောပြနေတာပါ။ မာန်ပါတဲ့ သူမစကားသံတွေ၊ စူးရှတဲ့မျက်လုံးတွေနဲ့ သူမရဲ့မှတ်ဉာဏ်တွေဟာ လွန်ခဲ့တဲ့ အနှစ် ၄၀ က အကြောင်းကို ပြန်ပြောပြနေတာထက် မနေ့တနေ့က ဖြစ်ရပ်ကို ပြန်ပြောပြနေသလို နိုးကြားလွန်းနေပါတယ်။ ဒေါ်ခင်စန်းနေထိုင်တဲ့ ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ မုန်းဒေသဟာ ကေအန်ယူ တပ်မဟာ ၃ နယ်မြေ ဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ်လောက်အထိ အဲဒီဒေသမှာရှိတဲ့ ကျေးရွာအုပ်စုတွေ အားလုံးဟာ အစိုးရစစ်တပ်နဲ့ ကေအန်ယူအကြား တိုက်ပွဲဖြစ်ပွားရာ စစ်တလင်းဖြစ်ခဲ့ပြီး ၂၀၁၅ ခုနှစ်နှောင်းပိုင်းအထိ အမည်းရောင်နယ်မြေအဖြစ် သတ်မှတ်ထားခဲ့ပါတယ်။ “ကားပေါ်ရောက်တော့ သြော်.. ငါ့သမီးလေး အသက်ရှင်ပါစေ၊ ခြေထောက်မရှိရင် နေပါစေ၊ အသက်ကလေးတော့ ချမ်းသာပေးပါဆိုပြီး ကလေးလိုပဲ ပါးစပ်က တတွတ်တွတ်ရွတ်ပြီးသွားတာ” ဆိုပြီး ဒေါ်ညွန့်ရီက သမီးကို ဆေးရုံပို့ခဲ့တဲ့အချိန်က အတွေ့အကြုံကို ဆုတောင်းတဲ့ အသံနေအသံထား၊ အမူအယာတွေနဲ့ ပြန်ပြောပြပါတယ်။ ဖြူးမြို့ဆေးရုံရောက်တော့လည်း သမီးကိုသယ်လာတဲ့ ထမ်းစင်ကို ခပ်ကြမ်းကြမ်း ချလိုက်တဲ့အတွက် ငြင်ငြင်သာသာလုပ်ပေးဖို့ တောင်းဆိုမိလို့ ဆရာဝန်က စိတ်ဆိုးပြီး ချက်ချင်းမကြည့်ပေးဘဲ ထားခဲ့ပါသေးတယ်။ ဒါပေမယ့် ဆေးရုံမှာတွေ့တဲ့ အမျိုးသမီးကြီးတဦးကို အကူအညီတောင်းပြီး ပြန်တောင်းပန်မှ ဆရာဝန်က ပြန်လာပြီး ကြည့်ပေးခဲ့လို့ ဆေးကုခဲ့ရပါတယ်။ မြေမြှုပ်မိုင်းကြောင့် ခြေနှစ်ဖက်စလုံး ဖြတ်လိုက်ရတဲ့ ဒေါ်ခင်စန်းဟာ  ဆေးရုံမှာ ၈ လကြာ ကုသခဲ့ပေမယ့် ဒဏ်ရာတွေက မသက်သာလို့ နေ့နေ့ညည မအိပ်နိုင်ဘဲ နေ့စဉ်ရက်ဆက် ငိုကြွေးနေခဲ့ရပါတယ်။ အဲဒီအချိန်က လက်နက်ကိုင်အဖွဲ့ နှစ်ဖက်လုံးကို လူတွေကြောက်နေရပေမယ့် သမီးရဲ့ ဝေဒနာတွေ သက်သာရေးအတွက် နီးစပ်ရာ စစ်တပ်က ဆေးတွေရရှိဖို့ မိခင်ဒေါ်ညွန့်ရီက ရအောင် ကြိုးစားခဲ့ပါတယ်။ “အငယ်ဆုံးကလေးကို ချီပြီးတော့ စစ်တပ်ရှိတဲ့နေရာ၊ ဘယ်နေရာမဆို သွားတာပဲ။ ဗိုလ်မှူးရယ် ကျမသမီးလေး မိုင်းထိထားတာ တအားငိုလို့.. ကိုက်နေလို့ ဆေးလေးလာတောင်းတာပါဆိုပြီး  စစ်တပ်တွေရောက်လာတိုင်း ရောက်အောင်သွားတာပဲ..” ဆိုပြီး အကူအညီတောင်းခဲ့ရပုံကို မိခင်ဖြစ်သူက ပြောပြပါတယ်။ အဲဒီဆေးတွေရဲ့ အကူအညီနဲ့ ဒေါ်ခင်စန်းရဲ့ ခြေထောက်ဖြတ်ထားတဲ့ ဒဏ်ရာတွေကို သက်သာအောင် ကုသနိုင်ခဲ့ပေမယ့် သမီးဖြစ်သူကတော့ တသက်လုံး ခြေနှစ်ဖက်ပြတ်ထားတဲ့ ဒုက္ခိတဘဝကို ရောက်ခဲ့ရပါတယ်။ တိုက်ပွဲတွေကြောင့် သေနတ်သံတွေနဲ့ မိုင်းသံတွေကြား ပုန်းအောင်းပြေးလွှားရင်း မုန်းဒေသခံ ရွာသူရွာသားတွေဟာ တောတောင်နဲ့ ကွမ်းသီးဥယျာဉ်ခြံတွေကို အမှီပြုပြီး လုပ်ကိုင်စားသောက်ခဲ့ကြရပြီး ဒီအထဲမှာ ဒေါ်ခင်စန်းလို မြေမြှုပ်မိုင်းနင်းမိကြသူတွေလည်း အများအပြား ရှိခဲ့ပါတယ်။ ၁၉၈၀ ခုနှစ်နောက်ပိုင်းကနေ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်ကာလအထိ မြေမြှုပ်မိုင်းကြောင့် ခြေပြတ်လက်ပြတ်ခဲ့သူပေါင်း ၄၀၀ ကျော်ရှိပြီး သေဆုံးသူဦးရေကတော့ စစ်တမ်းမရှိတဲ့အတွက် အတိအကျ မသိရဘူးလို့ မြန်မာနိုင်ငံ ကိုယ်အင်္ဂါမသန်စွမ်းသူများအသင်း (မုန်းဒေသ) က ဘဏ္ဍာရေးမှူး တာဝန်ယူထားသူ မစန်းစန်းအေးက ပြောပါတယ်။ ဒေါ်ခင်စန်းကတော့ ၁၉၈၀ ခုနှစ်ကာလတွေမှာ ခြေနှစ်ဖက်လုံးပြတ်ခဲ့တဲ့ ပထမဆုံး မြေမြှုပ်မိုင်းဒဏ်ခံခဲ့ရသူ ဖြစ်ပါတယ်။ ခြေထောက်နှစ်ဖက်စလုံး ပြတ်ခဲ့ရပြီး ဒဏ်ရာတွေကို ကုသနိုင်ခဲ့ပေမယ့် ဒေါ်ခင်စန်းတို့ မိသားစု နောက်ထပ်ရင်ဆိုင်ရတဲ့ အခက်အခဲကတော့ နိစ္စဓူဝ ဝမ်းရေးပဲ ဖြစ်ပါတယ်။ သူ့ကို ကုသဖို့အတွက် ရှိစုမဲ့စု ပိုင်ဆိုင်ထားတဲ့ နွားတွေနဲ့ လှည်းတွေကို ရရာဈေးနဲ့ ရောင်းချလိုက်ရသလို တိုက်ပွဲနဲ့ မိုင်းတွေကို ရှောင်ပြီး အလုပ်လုပ်ကိုင်ရတဲ့အတွက် မိသားစု ၇ ယောက် ထမင်းတနပ်စာမှန်ဖို့တောင် ခက်ခဲခဲ့ပါတယ်။ ဈေးဆိုင်တွေမှာ ဆန်အကြွေးဝယ်ဖို့ သွားခဲ့ပေမယ့် ဘာပိုင်ဆိုင်မှုမှမရှိ၊ အပေါင်ထားစရာမရှိလို့ အကြွေးမရောင်းကြတဲ့အတွက် လက်ဗလာနဲ့ အိမ်ပြန်လာခဲ့ရတဲ့ အကြိမ်ပေါင်းများစွာ ကြုံခဲ့ပါတယ်။ ကွမ်းသီးကောက်လို့ရမှပဲ ဆိုင်ပြန်သွားပြီး ကွမ်းသီးအလုံးရေ တန်ဖိုးအလိုက် ရသလောက် ဆန်၊ ငရုတ်သီး၊ ဆား စတာတွေကို လဲလှယ်ပြီး ဖြစ်သလိုသာ စားသောက်ခဲ့ရပါတယ်။ “အဘိုးကြီး (သူ့ခင်ပွန်း) က ဘယ်လိုပြောလဲဆိုရင် ဆန်ပြုတ်ပဲ ပြုတ်ပါဟယ်တဲ့။ အဲဒါဆိုရင် သူများဆီမှာလည်း မရှာရတော့ဘူးပေါ့တဲ့။ အဲဒီ ဆန် ၃ ပြည်ဆို အကြာကြီးစားရတယ်တဲ့။ ဆန်ပြုတ်ကျတော့လည်း ကလေးတွေက မစားနိုင်ဘူးလေ” လို့ မိခင်ဖြစ်သူ ဒေါ်ညွန့်ရီက ပြောပြပါတယ်။ မိုင်းပေါက်သံတွေကြားပြီဆိုတာနဲ့ တောတောင်ထဲသွားပြီး ဝမ်းရေးအတွက် ဝင်ငွေရှာနေတဲ့ ဖခင်နဲ့ တခြား သားသမီးတွေ ဘေးလွတ်ရေး ဆုတောင်းရတာကလည်း အိမ်မှာကျန်ခဲ့တဲ့ ဒေါ်ခင်စန်းနဲ့ သူမမိခင်ရဲ့ ပုံမှန်ရင်ဆိုင်ရတဲ့ သောကတွေပဲ ဖြစ်ပါတယ်။ မိုင်းထိပြီး ၂ နှစ်ကျော်ကာလရောက်လာတော့ ဒေါ်ခင်စန်းဟာ အိမ်မှုကိစ္စတွေ ဝိုင်းကူနိုင်တဲ့အထိ ကျန်းမာရေး တိုးတက်လာခဲ့ပါတယ်။ ဒါပေမယ့် သူမရဲ့ ဆယ်ကျော်သက်အရွယ်မှာ ခြေနှစ်ဖက်စလုံး ဆုံးရှုံးခဲ့ရမှုတွေ၊ မိသားစုရဲ့ ဝမ်းရေးခက်ခဲမှုတွေ၊ တိုက်ပွဲတွေကြောင့် မကြာခဏ ရွာပြောင်းရွှေ့ရတဲ့အခါ သူများလို မပြေးလွှားနိုင်မှုတွေက သူမရဲ့စိတ်ဒဏ်ရာကို တစထက်တစ ကြီးထွားလာစေခဲ့ပါတယ်။ “မနေချင်ဘူးလေ.. ဆေးတွေဘာတွေသောက်ပြီး သေချင်တဲ့စိတ်ပဲရှိတယ်” ဆိုပြီး အကြိမ်ကြိမ် သတ်သေဖို့လည်း ကြိုးစားခဲ့ဖူးတဲ့အကြောင်း ဒေါ်ခင်စန်းက ပြောပြတယ်။ ဒါပေမယ့် သတ်သေဖို့အတွက် ကိုယ်တိုင် ဆေးသွားမဝယ်နိုင်တာကလည်း သူမ အသက်ဆက်ရှင်ဖို့ အကြောင်းတခု ဖြစ်ခဲ့ပါတယ်။ ဒေါ်ခင်စန်းဟာ မိုင်းမထိခင်က သာမန်ကလေးတွေလိုပဲ တက်ကြွ သွက်လက်သူတယောက် ဖြစ်ခဲ့ပေမယ့် မိုင်းထိပြီးနောက်မှာတော့ သူမနဲ့ရင်းနှီးတဲ့ သူငယ်ချင်းတွေ လာရင်တောင် ထွက်မတွေ့ဘဲ အခန်းထဲမှာပဲ တယောက်တည်း သီးသန့်နေခဲ့တယ်လို့ အိမ်နီးချင်း ငယ်သူငယ်ချင်းတဦးက ဆိုပါတယ်။ လွန်ခဲ့တဲ့ ၂၀၁၃ နောက်ပိုင်းမှာတော့ နည်းမျိုးစုံကြောင့် ကိုယ်လက်အင်္ဂါ မသန်စွမ်းသူတွေကို  ကူညီပေးတဲ့ အဖွဲ့အချို့ မုန်းဒေသကို ရောက်လာချိန်မှာ ဒေါ်ခင်စန်းအတွက် ပြင်ပလောကကို ထိတွေ့ဖို့ အခွင့်အရေး ရလာခဲ့ပါတယ်။ မြန်မာနိုင်ငံ ကိုယ်အင်္ဂါမသန်စွမ်းသူများအသင်း (MPHA) (မုန်းဒေသ) ရဲ့ အကြိမ်ပေါင်းများစွာ အားပေးနှစ်သိမ့်မှုတွေအပြင် မိခင်ရဲ့ တွန်းအားပေးမှုတွေကြောင့် မသန်စွမ်းသူတွေ တွေ့ဆုံတဲ့ ဆွေးနွေးပွဲတွေကို တက်ရောက်ခွင့်ရခဲ့ပါတယ်။ “စိတ်အင်အားမြှင့်တင်ပေးတဲ့ အဖွဲ့တွေနဲ့ ကြုံတော့ ကိုယ့်စိတ်ထဲ နည်းနည်းပျော်လာတယ်” လို့ သူကပြောပါတယ်။ လူမှုရေးအဖွဲ့အချို့ရဲ့ စိတ်ပိုင်းဆိုင်ရာ မြှင့်တင်ပေးမှုတွေအပြင် တခါတရံ ထောက်ပံ့တဲ့ ဆန်နဲ့ အိမ်သုံးပစ္စည်းလေးတွေကလည်း သူမတို့မိသားစုအတွက် အများကြီး အထောက်အကူ ဖြစ်စေတယ်လို့ ဒေါ်ခင်စန်းက ဆိုပါတယ်။ အသက် ၁၃ နှစ်အရွယ်ကနေ လူမှုအသိုင်းအဝိုင်းနဲ့ ဝေးကွာသွားခဲ့ရပြီး စိတ်ပျက်အားငယ်မှု၊ အထီးကျန်မှုတွေနဲ့ နေထိုင်လာရာကနေ ဒီလိုအားပေးနှစ်သိမ့်မှုတွေကြောင့် ရုန်းထလာနိုင်ချိန်မှာတော့ သူမအသက်ဟာ ၅၃ နှစ်ကျော်ခဲ့ပါပြီ။ သူမရဲ့အဖေက လွန်ခဲ့တဲ့ ၃ နှစ်လောက်က ကျန်းမာရေးချို့တဲ့လို့ ဆုံးပါးသွားခဲ့ပြီး တခြားမောင်နှမသားချင်းတွေလည်း တနယ်တကျေး သွားရောက်လုပ်ကိုင် စားသောက်နေကြလို့ အခုချိန်မှာတော့ သူမဟာ မိခင်၊ ညီမတဦးတို့နဲ့အတူ နေထိုင်နေပါတယ်။ မြန်မာ့တပ်မတော်နဲ့ ကေအန်ယူအကြား အပစ်ရပ်ပြီးနောက် သူမတို့ဒေသမှာ တိုက်ပွဲသံတွေနဲ့ မိုင်းကွဲသံတွေ ငြိမ်သက်နေပေမယ့် သူမတို့မိသားစုရဲ့ ဘဝတိုက်ပွဲကတော့ မပြီးဆုံးနိုင်သေးပါဘူး။ သူမညီမရဲ့ နေ့စားခ တနေ့လုပ်အားခ ကျပ် ၄၀၀၀ ဝန်းကျင်နဲ့ သူမကွမ်းသီးခြစ်လို့ရတဲ့ တနေ့ကျပ် ၁၀၀၀ ဝန်းကျင် ဝင်ငွေဟာ သူတို့ရဲ့ နိစ္စဓူဝ စားဝတ်နေရေးကို ခက်ခဲစွာ ဖြေရှင်းပေးနေဆဲပါ။ “ဒီနေ့ကွမ်းသီးခြစ်ရင် ဘယ်လောက်ရမလဲ၊ နောက်နေ့ခြစ်ရင် ဘယ်လောက်ရမလဲ အဲဒီအထဲမှာပဲ စိတ်ကရှိတယ်” လို့ သူကဆိုပါတယ်။ ခုချိန်မှာ သူမတို့မိသားစုအတွက် အစိုးရိမ်ဆုံးက နောက်ထပ် သေနတ်သံတွေထွက်လာပြီး မိုင်းသံတွေ ပြန်ညံလာမှာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် အစိုးရ၊ တပ်မတော်တို့နဲ့ ကျင်းပနေတဲ့ အန်စီအေ အပစ်ရပ် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ ကရင်အမျိုးသားအစည်းအရုံးက ဆက်လက်ပါဝင်ဖို့ ခေတ္တရပ်ဆိုင်းထားမယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းက သတင်းထုတ်ပြန်ခဲ့တဲ့အတွက် သူတို့ စိုးရိမ်နေတဲ့အတိုင်း စစ်ပွဲဘက်ကို ပြန်လှည့်လာမလားဆိုတာတော့ သူနဲ့ ရွာသူရွာသားတွေအတွက် စဉ်းစားစရာပါ။ ပြောခွင့်သာရမယ်ဆိုရင် မိုင်းထောင်တဲ့သူတွေကို ဘာပြောချင်သလဲလို့ မေးတော့ ဒေါ်ခင်စန်းက ပြုံးပြီး ကြည့်နေရုံကလွဲလို့ ပြောဖို့ ခေါင်းခါနေပေမယ့် သူမအမေကတော့ သူမကိုယ်စား ခပ်သွက်သွက်ပဲ ပြန်ဖြေခဲ့ပါတယ်။ “ကျမတို့က မပြောရဲဘူးလေ။ သူတို့က လက်နက်ကိုင်ထားတာကိုး။ ကိုယ်က ဘာမှမရှိတာ။ ဒီလိုပဲ ကုတ်ပြီး နေရတာပေါ့။ ကြောက်နေတာပေါ့။ ဘာမှမပြောရဲဘူး။ တွေ့လည်းမပြောရဲဘူး…” မယ်လွန်း (hiburma.net ဝက်ဘ်ဆိုက်မှ ပြန်လည်ဖော်ပြသည်။)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024