အာဆင်နယ်တိုက်စစ်မှူး ဝဲလ်ဘက် ခြေချင်းဝတ်ဒဏ်ရာကြောင့် ကာလရှည် အနားယူရမည်

2.1K
စပို့တင်းလစ္စဘွန်းအသင်းကို အိမ်ကွင်းမှာ ဂိုးမရှိသရေကျခဲ့တဲ့ အာဆင်နယ်အသင်းဟာ နိုင်ပွဲတပွဲ လက်လွှတ်ခဲ့ရသလို ဒီရာသီမှာ အားထားရတဲ့ တိုက်စစ်မှူးတဦးဖြစ်တဲ့ ဝဲလ်ဘက်လည်း ခြေချင်းဝတ်ကျိုးတဲ့ ဒဏ်ရာကြောင့် ကာလရှည်ကြာ အနားယူရတော့မှာ ဖြစ်ပါတယ်။
ပွဲကစားချိန် မိနစ် ၃၀ မှာ စပို့တင်းလစ္စဘွန်းအသင်းဘက်ကို ထိုးဖောက်တိုက်စစ်ဆင်နေချိန် ၁၈ ကိုက်စည်းအတွင်းမှာ ထိခိုက်မိခဲ့တာပါ။
ထိခိုက်မိချိန်မှာ ဝဲလ်ဘက်ကို အောက်စီဂျင်အကူအညီ ပေးခဲ့ရပြီး ခြေချင်းဝတ်လည်ပြီး ကျိုးသွားခဲ့တာလည်း ဖြစ်ပါတယ်။
နည်းပြဖြစ်သူ အူနိုင်းအမ်မရီကတော့ ဝဲလ်ဘက်ဟာ အကောင်းဆုံးကစားနေပြီး ပွဲကောင်းတပွဲအဖြစ် ဖန်တီးနေတာဖြစ်ကြောင်း၊ သူ့အတွက် အခွင့်အရေးတွေ ရှိနေကြောင်း၊ သူဒဏ်ရာရတာဟာ အာဆင်နယ်အသင်းအတွက်ပါ သတင်းဆိုးတခုဖြစ်ကြောင်း ဆိုပါတယ်။
ဒဏ်ရာရရှိချိန်မှာ အသင်းဖော် ဂွမ်ဒိုဇီ၊ မစ်ခီတာယန်းတို့က စိုးရိမ်တကြီး လာရောက်ကြည့်ရှုခဲ့ကြသလို မန်ချက်စတာယူနိုက်တက် အသင်းဖော်ဟောင်းဖြစ်ခဲ့တဲ့ နာနီကလည်း လာရောက်အားပေးခဲ့ပါတယ်။
ဝဲလ်ဘတ်ရဲ့ဒဏ်ရာနဲ့ ပတ်သက်လို့ ဆရာဝန်တွေက တိတိကျကျ ထုတ်ဖော်မပြောသေးဘဲ တခြားဒဏ်ရာတွေနဲ့မတူဘူး ဆိုတာတော့ ပြောကြားခဲ့ပါတယ်။
ဝဲလ်ဘက်ရဲ့ဒဏ်ရာဟာ အာဆင်နယ်အသင်းအတွက်သာ မကဘဲ အင်္ဂလန်အသင်းအတွက်လည်း သက်ရောက်မှုတွေ ရှိလာနိုင်ပါတယ်။