DVB Logo
Home
မြန်မာသတင်း
စစ်ဘေးရှောင်ရွာသားပေါင်း ၆၀၀၀ ကျော် ဖားကန့်မြို့ပေါ် ခိုလှုံ
DVB
·
August 28, 2012
စစ်ဘေးရှောင်ရွာသားပေါင်း ၆၀၀၀ ကျော် ဖားကန့်မြို့ပေါ် ခိုလှုံ
Donate to DVB

ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်း အစိုးရတပ်နဲ့ ကချင်လက်နက်ကိုင် အဖွဲ့အကြား တိုက်ပွဲတွေကြောင့် ဒေသခံတွေ အိုးအိမ်နဲ့ အလုပ်အကိုင်တွေကို စွန့်ပြီး ထပ်မံထွက်ပြေး တိမ်းရှောင်နေကြပါတယ်။

ကချင်ပြည်နယ်က ကျောက်စိမ်းထွက်ရှိရာ ဖားကန့်မြို့နယ်အတွင်းမှာ ဒီရက်ပိုင်းအတွင်း အစိုးရ စစ်တပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ) အကြား တိုက်ပွဲတွေ ရက်ဆက်ဖြစ်လာတာကြောင့် အနီးအနားတ၀ိုက် ထောင်နဲ့ချီတဲ့ပြည်သူတွေ ဖားကန့်မြို့ပေါ်ကို ထွက်ပြေးခိုလှုံလာကြရတာ ဖြစ်ပါတယ်။

ဖားကန့်မြို့ အနောက်မြောက်ဘက် မှော်မောင်းချောင်းဖျား တ၀ိုက်က မှော်ဝန်းကြီး၊ မှော်ဝန်းကလေး၊ သူဌေးချောင်း၊ တောင်ပြို၊ မန်နား၊ ဆိုင်းဂျာဘုံ၊ ရှရော်ခ၊ မြောက်ဖြူ အစရှိတဲ့ရွာက ဒေသခံ ၆ ထောင်ကျော် ဖားကန့်မြို့ပေါ်ကို ရှောင်ပြေးလာခဲ့တယ်လို့ ဖားကန့် ဒေသခံ အန်အယ်လ်ဒီအဖွဲ့ဝင် ဦးလာဆိုင်းက ပြောပါတယ်။

“စစ်တပ်က မှော်တွေမှာ ကေအိုင်အေတွေရှိတဲ့ဘက်ကို စစ်တပ်က သွားလာလှုပ်ရှားတော့ လူထုက မြင်ပြီး ကြောက်လန့်ပြီး ထွက်ပြေးကြတယ်။ မနေ့က နှစ်ဖက်စစ်တပ်က ပစ်ခတ်ကြတယ်။ ဒါပေမယ့် အကွာအဝေး နည်းနည်းတော့ ဝေးပါတယ်။ အဲတော့ ရွာဘေးက လူတွေလည်း ကြောက်ပြီးထွက်ပြေးတယ်။ သူတို့က အဝေးပစ်စနစ်နဲ့ ခြောက်လှန့်ပစ်ကြတဲ့ သဘောရှိတယ်။ ဒါပေမယ့် တချို့ရွာတွေက သူတို့တွေ ပစ်တဲ့ အလယ်နားမှသွားရောက်နေကြတယ်။”

ထွက်ပြေးလာသူတွေဟာ ဖားကန့်မြို့ပေါ်က ခရစ်ယာန်နဲ့ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းတွေ၊ ရိုးရာယဉ်ကျေးမှု အဆောက်အအုံတွေနဲ့ ဆွေမျိုးတွေနေအိမ်မှာ ခိုလှုံနေပြီး ဘာသာရေး၊ လူမှုရေး စတဲ့ အဖွဲ့အစည်းတွေနဲ့ မြို့ခံတွေက ၀ိုင်းဝန်းကူညီ ထောက်ပံ့ပေးနေရပါတယ်။

ဒီရွာသားတွေဟာ ကျောက်စိမ်း တပိုင်တနိုင် တူးတဲ့သူတွေဖြစ်ပြီး တိုက်ပွဲတွေကြောင့် ကျောက် တူးတာကို ရပ်ထားပြီး ထွက်ပြေးနေထိုင်ကြရတာ ဖြစ်ပါတယ်။ သြဂုတ် ၁၉ ရက်နေ့ကတည်းက တိမ်းရှောင်ရတာဖြစ်တဲ့အတွက် ရွာမှာ ဖွင့်ထားတဲ့ မူလွန်ကျောင်းတွေလည်း ပိတ်ထားရတယ်လို့ ဦးလာဆိုင်းက ပြောပါတယ်။

ကျောင်းတွေပိတ်ပြီး ထွက်ပြေးခိုလှုံနေရတဲ့အတွက် ကလေးတွေဟာ ဖားကန့် မြို့ပေါ်က ရပ်ကွက် ကျောင်းတွေမှာ ကျောင်းသွားတက်တာတွေရှိတယ်လို့ ဒီဒုက္ခသည်တွေကို ကူညီပေးနေတဲ့ ခရစ်ယာန် ဆရာတော်တပါးက ဒီဗွီဘီကို ပြောပါတယ်။

ထွက်ပြေးတိမ်းရှောင်ရတာ ၁၀ ရက်လောက်ရှိပြီး အစားအသောက်အတွက် လောလောဆယ် ဖူလုံပေမယ့် ရေရှည်အတွက် စိုးရိမ်ရသလို ကလေးတွေရဲ့ ပညာရေးအတွက် စိုးရိမ်ရတဲ့အတွက် စစ်ပွဲတွေ အမြန်ရပ်စေချင်တယ်လို့ နှစ်ခြင်း ခရစ်ယာန်ကျောင်းမှာ ခိုလှုံတဲ့ မော်မောင်းကုန်းက ဒုက္ခသည်က ပြောပါတယ်။

“စစ်တပ်က မော်မောင်းကုန်းရွာကို ၀င်မယ်လို့ ပြောတယ်။ ကေအိုင်အေကလည်း မ၀င်ခိုင်ဘူး။ ၀င်ရင် ပစ်မယ်တဲ့။ အဲဒီတော့ နှစ်ဖက်က ညှပ်နေတာ။ အဲဒါနဲ့ ကျနော်လည်း ဆင်းလာခဲ့တာ။ လောလောဆယ် စားဝတ်နေရေးက ဘုရားကျောင်းမှာ လူကြီးမိဘ သူဌေးတွေ လာကူတယ်။ စားဝတ်နေရေးက ပူစရာမလိုဘူး။ နောက်ကြာလာရင်တော့ ဒုက္ခရောက်မှာပေါ့။ ကျနော်တို့ဆိုရင် သားသမီးများတယ်လေ။ စစ်မတိုက်ရင် ပိုကောင်းတာပေါ့။ စစ်တိုက်တော့ သေနတ်တွေ နဲ့ ပစ်ကျတော့ ပြည်သူလူထုတွေ ရှိတဲ့နေရာလည်း ပစ်တယ်။ အဲဒါကြောင့် စစ်ဖြစ်တာကို မကြိုက်ဘူး။”

ကေအိုင်အေနဲ့ မြန်မာအစိုးရတို့ဟာ ၁၇ နှစ်ကျော်ကြာ အပစ်အခတ် ရပ်စဲခဲ့ပြီးတဲ့နောက် မနှစ် ဇွန်လကစလို့ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနေတာပါ။ ၁ နှစ် ကျော်ကြာ တိုက်ပွဲကာလ အတွင်းမှာတော့ စစ်ပွဲကြောင့် ဒေသခံပြည်သူ အနည်းဆုံး ၇ သောင်းကျော်ဟာ တရုတ်-မြန်မာ နယ်စပ်နဲ့ ကချင်ပြည်နယ်က မြို့ကြီးတွေဆီကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013