ရှားပါးမျိုးတုန်း ပျောက်ကွယ်တော့မည့် ဧရာဝတီလင်းပိုင် ၁ ကောင် သေဆုံးလျက်တွေ့ရှိ
DVB
·
November 8, 2018
စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ်၊ ငတ်မှော်ဦးကျေးရွာအနီး ဧရာဝတီမြစ်ထဲမှာ ဧရာဝတီလင်းပိုင်တကောင် သေဆုံးနေတာကို နိုဝင်ဘာ ၆ ရက်က တွေ့ရှိခဲ့တယ်လို့ ကမ္ဘာ့သားရိုင်းတိရစ္ဆာန် ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ (WCS) မြန်မာက သတင်းထုတ်ပါတယ်။
သေဆုံးသွားတဲ့ ဧရာဝတီလင်းပိုင်ဟာ အမဖြစ်ပြီး အလျား ၆ ပေ ၁ လက်မ၊ လုံးပတ်အရွယ် ၄ ပေဖြစ်ကာ ငတ်မှော်ဦးကျေးရွာနေ အင်းသူကြီးတဦးက တွေ့ရှိပြီး လင်းပိုင်ထိန်းသိမ်းရေးသမားတွေက သွားရောက်ဆယ်ယူခဲ့တာပါ။
လင်းပိုင်ကို စတင်တွေ့ရှိချိန်မှာ ခေါင်းဟာ ရေထဲမှာ ထောင်လျက်ဖြစ်နေပြီး လင်းပိုင်အမြီးဖျားမှာ ခဲတွေနဲ့ ချည်ထားတာ တွေ့ရတယ်လို့ ဆိုပါတယ်။
ဧရာဝတီလင်းပိုင် သေဆုံးရခြင်း အကြောင်းရင်းကို အသေအချာ မသိရသေးပေမယ့် လင်းပိုင်ကို ချည်ထားတဲ့ကြိုးဟာ ပိုက်ခေါင်းကြိုးနဲ့ ချည်ထားတာဖြစ်လို့ တစုံတယောက်ရဲ့ ငါးဖမ်းပိုက်နဲ့ငြိပြီး သေဆုံးတာ ဖြစ်နိုင်တယ်လို့ လင်းပိုင်ထိန်းသိမ်းရေးသမားတွေက ယူဆတဲ့အကြောင်း သတင်းမှာ ဖော်ပြပါတယ်။
သေဆုံးသွားတဲ့ လင်းပိုင်ကို လတ်တလော သဲထဲမှာမြှုပ်ထားပြီး အရိုးကို ပြန်ယူသွားဖို့ လင်းပိုင်ထိန်းသိမ်းရေးသမားတွေက စီစဉ်နေပါတယ်။
ဧရာဝတီလင်းပိုင်တွေဟာ ကမ္ဘာမှာ ရှားပါးမျိုးတုန်း ပျောက်ကွယ်တော့မယ့် ရေနေ နို့တိုက်သတ္တဝါတွေအဖြစ် သတ်မှတ်ခံထားရတာပါ။
ဗန်းမော်နဲ့ မန္တလေးအကြား ဧရာဝတီမြစ်ထဲမှာ ဧရာဝတီလင်းပိုင်တွေဟာ အဓိကနေထိုင် ကျက်စားကြပြီး အကောင်ရေ ၆၀ မှာ ၇၀ အကြားလောက်သာ ကျန်ရှိတော့တယ်လို့ လင်းပိုင်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့တွေက ခန့်မှန်းထားပါတယ်။