မန်ယူက ဂျူဗင်တပ်ကို ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ယူ (ရုပ်သံဟိုက်လိုက်)

ချန်ပီယံလိဂ် အုပ်စု အိတ်ခ်ျ ပွဲစဉ် ၄ အဖြစ် နာမည်ကြီး ဂျူဗင်တပ်နဲ့ မန်ချက်စတာယူနိုက်တက်တို့ မနေ့ညက ယှဉ်ပြိုင်ရာ မန်ယူက ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ ဂျူဗင်တပ်ဟာ အိမ်ကွင်းမှာ နိုင်ပွဲရယူနိုင်ရေး ရော်နယ်ဒို၊ ဒိုင်ဘားလား စတဲ့ အဓိက တိုက်စစ်အတွဲနဲ့ ပွဲထွက်ခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက်မှာတော့ တိုက်စစ်မှူး လူကာကူ မပါဝင်နိုင်ဘဲ မာရှယ်၊ ဆန်းချက်၊ လင်ဂတ်၊ ပေါ့ဂ်ဘာ၊ မာတစ်၊ ဟာရဲယား၊ လုခ်ရှော၊ လင်ဒီလော့ဖ်၊ စမောလင်း၊ အက်ရှ်လေယန်း၊ ဒီဂီယာတို့နဲ့ ပွဲထွက်ခဲ့တာပါ။ အိမ်ရှင် ဂျူဗင်တပ်အသင်းက ဘောလုံးပိုင်ဆိုင်မှုအသာ၊ ထိုးဖောက်ကန်သွင်းခွင့် အသာစီးယူနိုင်ခဲ့ပေမယ့် ကန်သွင်းချက်တွေ လွဲချော်တာ၊ မန်ယူဂိုးသမား ဒီဂီယာ လက်စွမ်းပြ ကာကွယ်နိုင်တာတွေကြောင့် ဂိုးမရနိုင်ဘဲ ပထမပိုင်းမှာ ဂိုးမရှိသရေ ကျခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ ဂျူဗင်တပ် ဂိုးရဖို့အတွက် ပိုကြိုးစားခဲ့ပြီး အဖွင့်ဂိုးကိုလည်း ပွဲချိန် ၆၅ မိနစ်မှာ တိုက်စစ်မှူး ရော်နယ်ဒိုက သွင်းယူပေးခဲ့ပါတယ်။ ဂိုးပေးလိုက်ရပြီးနောက် မန်ယူဟာ မာတာ၊ ရက်ရှ်ဖို့ဒ်၊ ဖယ်လိုင်နီတို့ကို လူစားဝင် ကစားစေခဲ့ပါတယ်။ မန်ယူ လူစားလဲမှု မှန်ကန်ခဲ့ပြီး ပွဲချိန် ၈၆ မိနစ်မှာ မာတာက ဖရီးကစ်မှတဆင့် ချေပဂိုးတဂိုး သွင်းယူပေးခဲ့ပါတယ်။ မန်ယူအတွက် အနိုင်ဂိုးကိုတော့ ပွဲချိန် ၈၉ မိနစ်မှာ ဂျူဗီကစားသမား ကိုယ့်ဂိုးကိုယ်သွင်းရာက ရရှိခဲ့ပြီး ပွဲအပြီးမှာ မန်ယူက ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ယူကာ ပထမအကျော့ ရှုံးကျွေးကို ဆပ်နိုင်ခဲ့ပါတယ်။ အုပ်စု အိတ် တခြားပွဲစဉ်အဖြစ် စပိန်ကလပ် ဗလင်စီယာနဲ့ ဆွစ်ဇာလန်ကလပ် ယန်းဘွိုင်းစ်တို့ ပွဲစဉ်မှာတော့ ဗလင်စီယာက ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ ဗလင်စီယာအတွက် ပွဲချိန် ၁၄ မိနစ်နဲ့ ၄၂ မိနစ်တွေမှာ မီနာ၊ ၅၆ မိနစ်မှာ ဆိုလာတို့က သွင်းယူပေးခဲ့ပါတယ်။ ယန်းဘွိုင်းစ်အတွက် ချေပဂိုး တဂိုးကိုတော့ ပွဲချိန် ၃၇ မိနစ်မှာ ရော်ဂျာ အက်ဆားလ်က သွင်းယူပေးခဲ့ပါတယ်။ ဒီအုပ်စုက လေးပွဲစီ ကစားအပြီးမှာတော့ ဂျူဗင်တပ်က ရမှတ် ၉ မှတ်နဲ့ အုပ်စု ပထမ၊ မန်ယူက ၇ မှတ်နဲ့ ဒုတိယ၊ ဗလင်စီယာက ၅ မှတ်နဲ့ တတိယ၊ ယန်းဘွိုင်းစ်က ၁ မှတ်နဲ့ အုပ်စု အောက်ဆုံးမှာ ရပ်တည်နေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up