အီရတ်တွင် လူအစုလိုက်မြှုပ်ထားသည့် သင်္ချိုင်းမြေပုံ ၂၀၀ ကျော် ဖော်ထုတ်

အီရတ်နိုင်ငံအတွင်း အစ္စလာမ္မစ်နိုင်ငံ အမည်ခံ အိုင်အက်စ်စစ်သွေးကြွတွေ အရင်က ထိန်းချုပ်ခဲ့တဲ့ နေရာတွေထဲမှာ လူအလောင်းတွေကို အစုလိုက် မြှုပ်ထားတဲ့ သင်္ချိုင်းမြေပုံ ၂၀၀ ကျော်ကို ဖော်ထုတ်နိုင်ခဲ့တယ်လို့ ကုလသမဂ္ဂက နိုဝင်ဘာ ၆ ရက်မှာ ပြောပါတယ်။ မြေပုံတွေထဲမှာ ၂၀၁၄ ဇွန်လကနေ ဒီဇင်ဘာလကြား အိုင်အက်စ်တွေရဲ့ ဓားစာခံ ဖြစ်ခဲ့သူတွေလို့ ယုံကြည်ရတဲ့ ထောင်နဲ့ချီတဲ့ လူတွေရဲ့ ရုပ်ကြွင်းတွေ ရှိနေပါတယ်။ သေဆုံးသူတွေထဲမှာ အီရတ်စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေ အပါအဝင် မသန်စွမ်းသူတွေ၊ သက်ကြီးနိုင်ငံသားတွေ၊ ကလေးတွေနဲ့ အမျိုးသမီးတွေလည်း ပါတယ်လို့ ကုလသမဂ္ဂ အစီရင်ခံစာက ဆိုပါတယ်။ မြေကျင်း ၂၀၂ ကျင်းထဲမှာ အလောင်း ၆ ထောင်ကနေ ၁ သောင်း ၂ ထောင်ကြား ရှိမယ်လို့ ကုလသမဂ္ဂက ခန့်မှန်းထားပါတယ်။ သေဆုံးမှုတွေကို စနစ်တကျ ကျယ်ကျယ်ပြန့်ပြန့် အကြမ်းဖက်မှုလို့ ကုလသမဂ္ဂက နာမည်တပ်ပါတယ်။ ဒါဟာ စစ်ရာဇဝတ်မှု၊ လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုနဲ့ လူမျိုးတုံးသတ်ဖြတ်မှု ပုံစံပဲလို့လည်း ပြောပါတယ်။ တရားမျှတမှုနဲ့ တာဝန်ခံမှုကို အနှောင့်အယှက် မဖြစ်အောင်နဲ့ သက်သေဖျောက်မခံရအောင် ဒီမြေကျင်းတွေကို ကာကွယ်ရမယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။ ဒါပေမယ့် အီရတ်အစိုးရကတော့ လူတွေ အစုလိုက်မြှုပ်ထားတဲ့ မြေကျင်းတွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့ ရန်ပုံငွေရော ဝန်ထမ်းအင်အားပါ မလုံလောက်ဘူးလို့ ပြောပါတယ်။ မြေကျင်းတွေရှိရာ နေရာမှာ မပေါက်ကွဲသေးတဲ့ စစ်လက်နက်ပစ္စည်းတွေ ပြန့်ကျဲနေဆဲ ဖြစ်လို့ လုံလုံလောက်လောက် ကာကွယ်ဖို့ရော စုံစမ်းစစ်ဆေးဖို့ပါ မတတ်နိုင်သေးဘူးလို့လည်း ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up