တပ်မတော်သားကိုယ်စားလှယ် အယောက် ၅၀ ခန့် အစားထိုးခန့်အပ်
ပိုင်စိုး
·
November 7, 2018
တိုင်းနဲ့ပြည်နယ်လွှတ်တော်တွေက တပ်မတော်သားကိုယ်စားလှယ် အယောက် ၅၀ လောက်ကို အစားထိုး ပြောင်းလဲလိုက်တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ပါတယ်။
ပြည်သူ့လွှတ်တော်မှာ ၈ ယောက်၊ အမျိုးသားလွှတ်တော်မှာ ၈ ယောက်နဲ့ တိုင်းနဲ့ ပြည်နယ် လွှတ်တော်တွေမှာ အယောက် ၃၀ ကို အစားထိုးလိုက်တာပါ။
ဗိုလ်မှူးချုပ်တယောက်၊ ဒုဗိုလ်မှူးကြီး ၃ ယောက်၊ ဗိုလ်မှူး ၃ ယောက်နဲ့ ဗိုလ်ကြီး တယောက်တို့ အစား ဗိုလ်မှူးကြီး ၃ ယောက်၊ ဒုဗိုလ်မှူးကြီး ၂ ယောက်၊ ဗိုလ်မှူး ၂ ယောက်နဲ့ ဗိုလ်ကြီး ၁ယောက်တို့ကို ပြောင်းလဲ အစားထိုးပါတယ်။
အမျိုးသားလွှတ်တော်မှာတော့ ဒုဗိုလ်မှူးကြီး ၄ ယောက်၊ ဗိုလ်မှူး ၄ ယောက်အစား ဗိုလ်မှူးကြီး တယောက်၊ ဒုဗိုလ်မှူးကြီး တယောက်၊ ဗိုလ်မှူး ၅ ယောက်နဲ့ ဗိုလ်ကြီးတယောက်တို့ကို အစားထိုးပါတယ်။
တိုင်းနဲ့ ပြည်နယ်လွှတ်တော်တွေမှာတော့ ချင်းပြည်နယ်နဲ့ မကွေးတိုင်းလွှတ်တော်တို့က လွဲပြီး ကျန်ပြည်နယ်နဲ့တိုင်းတွေအားလုံးမှာ အစားထိုးပြောင်းလဲခဲ့တာပါ။
ရှမ်းပြည်နယ်လွှတ်တော်မှာ ၇ ယောက် အစားထိုးခဲ့ပြီး အများဆုံး အပြောင်းအလဲ လုပ်တာလည်း ဖြစ်ပါတယ်။
ကချင်ပြည်နယ်မှာတော့ လုံခြုံရေးနဲ့နယ်စပ်ရေးရာဝန်ကြီးတာဝန်ယူထားတဲ့ ဗိုလ်မှူးကြီး သူရမျိုးတင်ကိုလည်း အစားထိုးပြောင်းလဲခဲ့ပါတယ်။
လွှတ်တော်အသီးသီးမှာရှိနေတဲ့ ကိုယ်စားလှယ်စုစုပေါင်းရဲ့ လေးပုံတပုံကို တပ်မတော်သား ကိုယ်စားလှယ်အဖြစ် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က စာရင်းပေးသွင်းပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က အတည်ပြုပေးတာပါ။