Home
မြန်မာသတင်း
ကရင်ပြည်နယ်တွင် သေနတ်သံ တိတ်သလောက်ဖြစ်နေပြီဟု သမ္မတပြော
DVB
·
November 7, 2018
အရင်က ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခဒဏ်ကို ပြင်းပြင်းထန်ထန်ခံစားခဲ့ရတဲ့ ကရင်ပြည်နယ်မှာ အခုဆိုရင် သေနတ်သံတွေ တိတ်သလောက်ဖြစ်နေပြီး  ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုရဲ့ အသီးအပွင့်တွေကို ရရှိခံစားနေရပြီလို့ သမ္မတ ဦးဝင်းမြင့်က ပြောပါတယ်။ နိုဝင်ဘာလ ၇ ရက်မှာ ကျရောက်တဲ့   ၆၃ နှစ်မြောက် ကရင်ပြည်နယ်နေ့ အခမ်းအနားကို ပေးပို့တဲ့ သဝဏ်လွှာမှာ သမ္မတက ပြောသွားတာပါ။ “ကရင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားညီအစ်ကိုမောင်နှမတွေနဲ့ လက်နက်ကိုင် အဖွဲ့အစည်းအားလုံးက နိုင်ငံတော်အစိုးရဦးဆောင်မှုနဲ့အတူ ကရင်ပြည်နယ်ငြိမ်းချမ်းရေးအတွက် သတ္တိရှိရှိဆုံးဖြတ်လက်တွဲလာမှုနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ အမြော်အမြင်ရှိရှိ တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်လာမှုကြောင့် ကရင်ပြည်နယ်ဟာ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုရဲ့ အသီးအပွင့်တွေကို ရရှိခံစားနေရပြီ ”လို့ သမ္မတ ဦးဝင်းမြင့်က ပြောပါတယ်။ ခုအချိန်ဟာ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စု တည်ဆောက်ဖို့ ရည်မှန်းချက်ချမှတ်ပြီး အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးရရှိဖို့ ကြိုးပမ်းနေတဲ့ကာလဖြစ်လို့  ပြည်ထောင်စုဖွားတိုင်းရင်းသားအားလုံးအနေနဲ့ အတိတ်သမိုင်းမှာ ကြုံတွေ့ခဲ့ရတဲ့ မလိုလားအပ်တဲ့ အတွေ့အကြုံတွေကို သင်ခန်းစာရယူပြီး စုပေါင်းအင်အားနဲ့ တက်ညီလက်ညီ လက်တွဲလျှောက်လှမ်းရင်း အေးချမ်းသာယာတဲ့ ပြည်ထောင်စုကြီး ပေါ်ပေါက်လာအောင် ကြိုးပမ်းဖို့အချိန်အခါကောင်းပဲဖြစ်တယ်လို့လည်း သမ္မတက ပြောပါတယ်။ ကရင်ပြည်နယ်ဟာ သံလွင်မြစ်နဲ့ ရေတံခွန်၊ စိမ့်စမ်း၊ လိုဏ်ဂူ၊ သဘာဝ တောတောင် အလှအပတွေပေါကြွယ်ဝလို့  ပြည်တွင်း၊ ပြည်ပခရီးသွားတွေအတွက် သဘာဝခရီးသွားလုပ်ငန်း တွေမြှင့်တင်ပေးနိုင်ဖို့ အလားအလာကောင်းတဲ့အပြင် နယ်စပ် စီးပွားရေး ကုန်သွယ်မှုအတွက် အဓိကနေရာဖြစ်လို့ ဒေသခံတိုင်းရင်းသားတွေအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ ပိုမိုတိုး တက်ရရှိ ခံစားရမှာဖြစ်တယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံရဲ့ လျှောက်လှမ်းနေတဲ့ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးခရီးလမ်းပေါ်မှာ ကရင်ပြည်နယ်မှ တိုင်းရင်းသားညီအစ်ကိုမောင်နှမအားလုံးက အေးချမ်း သာယာလှပပြီး ဖွံ့ဖြိုးတိုးတက်တဲ့ ကရင်ပြည်နယ်ကြီးဖြစ်ပေါ်လာစေရေးအတွက် ဆက်လက်ပြီး စုစည်းညီညွတ်စွာ၊ ကြိုးပမ်းအကောင်အထည်ဖော်သွားကြဖို့နဲ့ ရရှိဖြစ်ထွန်းနေပြီဖြစ်တဲ့ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်မှု အခြေခံကောင်းတွေနဲ့အတူ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတော်ကို အောင်မြင်စွာ တည်ဆောက်နိုင်ဖို့လည်း သမ္မတရဲ့ သ၀ဏ်လွှာမှာ တိုက်တွန်းထားပါတယ်။ (၆၃) နှစ်မြောက် ကရင်ပြည်နယ်နေ့ အထိမ်းအမှတ်ပွဲကို ပြည်နယ်ရဲ့ မြို့တော် ဘားအံမှာ မြန်မာ့ရိုးရာ လက်ဝှေ့ပွဲ၊ လှေလှော်ပွဲ၊  ဒုံးအကပြိုင်ပွဲ၊ ဇာတ်သဘင်ပွဲ၊ မုန့်ဈေးရောင်းပွဲတော်နဲ့ ကုန်စည်ပြပွဲတွေနဲ့ အတူကျင်းပနေပါတယ်။ ကရင်ပြည်နယ်ကို ဘားအံ၊ ဖာပွန်၊လှိုင်းဘွဲ့၊ သံတောင်ကြီး၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီးနဲ့  မြဝတီအပါအ၀င် မြို့နယ်ပေါင်း ခုနစ်မြို့နယ်နဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။ သံလွင်ခရိုင်ကို ကရင်ပြည်နယ်အဖြစ်သတ်မှတ်ဖို့ ၁၉၅၁ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ချက်အက်ဥပဒေကို နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုးတဲ့ နိုဝင်ဘာ ၇ ရက်နေ့ကို ကရင်ပြည်နယ်နေ့အဖြစ် သတ်မှတ်ကာ ၁၉၅၅ ခုနှစ်မှစတင်ကျင်းပတာဖြစ်ပါတယ်။ ဓာတ်ပုံ- သမ္မတရုံး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024