Home
မြန်မာသတင်း
မိုးထိမိုးမိရွှေလုပ်ကွက်တွင် လုပ်ကိုင်ခဲ့သည့် ကုမ္ပဏီအားလုံးကို တရားစွဲမည်
အောင်ကိုကိုလတ် (နေပြည်တော်)
·
November 6, 2018
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်ရှိ၊ မိုးထိမိုးမိရွှေလုပ်ကွက်မှာ လုပ်ကိုင်ခဲ့တဲ့ ကုမ္ပဏီတွေ အားလုံးကို တရားစွဲဆိုသွားဖို့ လုပ်ဆောင်နေတယ်လို့ အမှတ် (၂) သတ္တုတွင်း လုပ်ငန်းက ပြောပါတယ်။ “သတ္တုတွင်းဥပဒေပုဒ်မ ၃၀ (က)နဲ့ အဓိကတော့ဖွင့်ထားတာကတော့ ဦးစိုးထွန်းရှိန်ပဲ။ သူက ကုမ္ပဏီဥက္ကဋ္ဌ ဖြစ်နေလို့။ သို့သော်လည်း နိုင်ငံတော်က ရလိုမှုပေါ့။ စာချုပ်အရ ထုတ်လုပ်မှုရှိတယ်။ စာချုပ်အရပေးသွင်းရမှာတွေရှိတယ်။ အဲ့ဒီဟာတွေ မပေးသွင်းတဲ့ အတွက်ကြောင့် ရလိုမှုနဲ့ တရားစွဲဖို့ လုပ်ထားတယ်”လို့ အမှတ် (၂) သတ္တုတွင်းလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးသံဒိုင် က ပြောပါတယ်။ မိုးထိမိုးမိ ရွှေလုပ်ကွက်ကို ဦးစိုးထွန်းရှိန်ရဲ့ အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီက ၂၀၁၁ ခုနှစ်ကနေ ၂၀၁၆ ခုနှစ် အထိ ငါးနှစ်သက်တမ်းနဲ့ တင်ဒါအောင်မြင်ခဲ့ပြီး နိုင်ငံတော်ကို ပေးသွင်းရမယ့် ရွှေကြွေးကျန် ၁၂၀၀ ပိဿာ မပေးသွင်းတဲ့အတွက် လုပ်ကိုင်ခွင့်ရပ်ဆိုင်းခံခဲ့ရကာ စာချုပ်ရုပ်သိမ်းထားခဲ့ပြီးဖြစ်ပါတယ်။ ခုလို တရားစွဲဆိုဖို့အတွက် ရှေ့နေချုပ်ရုံးနဲ့ တိုင်ပင်မေးမြန်းပြီး ဥပဒေ စည်းမျဉ်းစည်းကမ်းတွေနဲ့ အညီ လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ဦးဆောင်ညွှန်ကြားရေးမှူး ဦးသံဒိုင်က ပြောပါတယ်။ “ရှေ့နေချုပ်ရုံးကတော့ ဒီကုမ္ပဏီမှာ ပါဝင်တဲ့ အဖွဲ့တွေ အားလုံးကို စွဲဖို့ဆိုပြီး အကြောင်းပြန်လာတော့ ဒီကုမ္ပဏီအားလုံးကို စွဲရမှာပါ။ ကုမ္ပဏီမှာ ပါတဲ့ BOT အဖွဲ့ပါတယ်။ သူတို့နဲ့ အလုပ်လုပ်နေတဲ့ စာချုပ်ထဲမှာ လက်မှတ်ထိုးထားတဲ့ အဖွဲ့ဝင်တွေ အားလုံးကို အမှုဖွင့်သွား ဖို့ ဆက်လက်ဆောင်ရွက်နေပါတယ်” မိုးထိမိုးမိ ရွှေလုပ်ကွက်တွေမှာ လုပ်ငန်းတွေရပ်ဆိုင်းထားရတာကြောင့်  နိုင်ငံအတွက်လည်း အခွန်ငွေမရဘဲ ထိခိုက်နစ်နာမှုတွေရှိပြီး လုပ်ကွက်တွေကို  EOI ခေါ်ကာ တင်ဒါစနစ်နဲ့ ကုမ္ပဏီတွေကို လုပ်ကိုင်ခွင့်ပြုဖို့အတွင် အမြန်ဆုံးဆောင်ရွက်သွားဖို့ သတ္တုတွင်း လုပ်ငန်းက စီစဉ်နေပါတယ်။ လက်ရှိအချိန်မှာတော့ ရပ်နားထားတဲ့ ရွှေတူးဖော်လုပ်ကွက်တွေကို ဌာနက၀န်ထမ်းတွေနဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထိန်းသိမ်း ထားပေမယ့် ရာသီဥတုကြောင့် မြေပြိုကျတာ၊ စက်ပစ္စည်းတွေ သံချေးတက်ပျက်စီးကုန်တာနဲ့ တရားမ၀င် ၀င်ရောက် ခိုးယူ တူးဖော်တာ တွေလည်း ရှိနေပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024