အီရန်နိုင်ငံဆီက ရေနံတင်သွင်းမှုကို တားမြစ်တဲ့ အရေးယူဒဏ်ခတ်မှုတွေကို အမေရိကန်အစိုးရက နိုဝင်ဘာ ၅ ရက်နေ့မှာ ပြန်လည်သတ်မှတ်လိုက်ပါတယ်။
ဒါပေမယ့် တရုတ်နဲ့ အိန္ဒိယလို အီရန်ဆီကနေ အဓိက ရေနံတင်သွင်းတဲ့နိုင်ငံ ၈ နိုင်ငံကိုတော့ ယာယီအားဖြင့် ဝယ်ယူခွင့် ပြုခဲ့ပါတယ်။
အမေရိကန် အမျိုးသားလုံခြုံရေး အကြံပေး ဂျွန်ဘော်တန်က “ကျေန်ာတို့ဟာ ၂၀၁၅ ခုနှစ် သမ္မတ အိုဘားမားလက်ထက်က ချမှတ်ခဲ့တဲ့ အရေးယူဒဏ်ခတ်မှုနဲ့ ရောင့်ရဲနေမှာ မဟုတ်ပါဘူး။ အလွန်တင်းကျပ်တဲ့ ဒဏ်ခတ်မှုမျိုး လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး ဂျွန်ဘော်တန်က အီရန်ခေါင်းဆောင်တွေအနေနဲ့ သူတို့အပြုအမူကို ချက်ချင်း ပြောင်းလဲရင် ပြောင်းလဲ၊ မဟုတ်ရင်တော့ စီးပွားရေးကပ်ဘေးနဲ့ ရင်ဆိုင်ရမှာ ဖြစ်တယ်လို့လည်း ပြောသွားပါတယ်။
၂၀၁၅ အီရန် နျူကလီးယား သဘောတူညီချက်က နုတ်ထွက်ပြီးနောက် သမ္မတ ထရမ့်ဟာ ရေနံအပေါ် မှီခိုနေရတဲ့ အီရန်စီးပွားရေးကို ထိခိုက်အောင်လုပ်ပြီး အီရန်ရဲ့ နျူကလီးယားလက်နက် အစီအစဉ်တင်မကဘဲ စစ်သွေးကြွတွေအပေါ် ထောက်ပံ့မှုကိုလည်း ရပ်တန့်သွားအောင် ကြိုးပမ်းနေတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။