Home
ဆောင်းပါး
အန်အယ်လ်ဒီ ၂၀၁၈ မှာ ဘာလို့ သောင်ကမ်း မပြိုခဲ့သလဲ
DVB
·
November 6, 2018
နိုဝင်ဘာလ ၃ ရက်နေ့က မြန်မာနိုင်ငံရဲ့ နေရာ ၁၃ ခုမှာ ကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ လက်ရှိ အစိုးရပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဟာ ၇ နေရာ အနိုင်ရခဲ့တယ်။ ပြည်ခိုင်ဖြိုးက ၃ နေရာ ရခဲ့ပါတယ်။ ဒီရလဒ်ဟာ ပြီးခဲ့တဲ့ ၂၀၁၅ တုန်းကနဲ့ နှိုင်းယှဉ်ရင် ပြည်ခိုင်ဖြိုးပါတီရဲ့ အောင်မြင်မှုလို့ ဆိုရမှာပါပဲ။ ၂၀၁၅ ခုနှစ်က ရွေးကောက်ပွဲမှာ ရွေးကောက်ပွဲရလဒ်ဟာ ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ (အန်အယ်လ်ဒီ) အတွက်တော့ စိန်ခေါ်မှုကြီးတခုအဖြစ် မှတ်တမ်းဝင်သွားပြီပဲ ဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်က အန်အယ်လ်ဒီဟာ သောင်းပြိုကမ်းပြိုလို့ တင်စားရလောက်တဲ့ အောင်မြင်မှုကြီးနဲ့ တပြည်လုံးနီးပါး ရွေးကောက်ပွဲ အနိုင်ရခဲ့ပြီး ပြည်ခိုင်ဖြိုးပါတီကတော့ ပြတ်ပြတ်သပ်သပ် ကျဆုံးခဲ့ပြီး အန်အယ်လ်ဒီပါတီဟာ အစိုးရတရပ် ဖွဲ့စည်းနိုင်ခဲ့ပါတယ်။ အန်အယ်လ်ဒီပါတီ အနိုင်ရ အစိုးရတရပ်ဖွဲ့အပြီး ၃ နှစ်ခန့်အကြာ ကြားဖြတ်ရွေးကောက်ပွဲမှာတော့ ပြည်သူတွေ မဲပေးမှုဟာ အန်အယ်လ်ဒီအတွက်တင် မဟုတ်တော့ဘဲ ပြည်ခိုင်ဖြိုးပါတီကိုလည်း စုစုပေါင်း ၁၃ နေရာမှာ ၃ နေရာအထိ မဲနိုင်ခဲ့ပြီး ပြည်သူအချို့ ထောက်ခံမှု ပြန်ရလာတာကို တွေ့ရတယ်ဆိုတာ ငြင်းမရတဲ့ ရလဒ်တခုပါပဲ။ ဒါ့အပြင် တိုင်းရင်းသားပါတီအချို့လည်း ထောက်ခံမှုတရပ် ပြန်ရခဲ့ပြန်ပါတယ်။ ဒီရလဒ်ဟာ တကယ်တော့ အန်အယ်လ်ဒီ အနိုင်ရပါတီအတွက် ကြီးမားလွန်းတဲ့အဖြေလို့ လက်ခံရမယ့် အနေအထား။ တဖက်က ပြည်ခိုင်ဖြိုးပါတီကလည်း ဘာလို့ ထောက်ခံမှု ရရှိလာလဲဆိုတာ လက်ရှိအစိုးရ အန်အယ်လ်ဒီပါတီအတွက် သတိထားရတော့မယ့်အချိန် ရောက်နေပါပြီ။ ဘာကြောင့် ပြည်ခိုင်ဖြိုးပါတီ ထောက်ခံမှု ပြန်ရလာသလဲလို့ အရှင်းဆုံး လူထုထဲကို ကွင်းဆင်းလေ့လာမယ်ဆိုရင်တော့ ပြည်သူတော်တော်များများရဲ့ အဖြေကတော့ လက်ရှိအစိုးရကို အားမရတော့လို့ဆိုတဲ့ အဖြေတွေ အများအပြား တွေ့ရမှာ မလွဲဧကန်ပါပဲ။ ပြည်သူတွေဆိုတာ သူတို့ရပ်တည်မှု ခက်ခဲလာရင် အဲ့လိုဖြစ်အောင်လုပ်တယ်ဆိုပြီး ဘာအစိုးရဖြစ်ဖြစ် ဘယ်သူတက်တက် စိတ်ပျက်မိကြမှာပဲ။ ဘာကိုစိတ်ပျက်လဲလို့ မေးရင်တော့ တော်တော် ခက်ခဲကြလို့ ဖြေကြမှာ မဟုတ်ပါဘူး။ ဒါပေမယ့် သူတို့ရပ်တည်မှုတွေကိုတော့ အဖြေရှာဖို့ လိုအပ်ပါတယ်။ မြန်မာနိုင်ငံ နိုင်ငံရေးသမိုင်းကြောင်းမှာ ကျနော် လက်လှမ်းမီသလောက် ပြောရရင် ၁၉၈၈ အရေးတော်ပုံကြီးမှာ အဖြူအမည်းအနီအပြာ အရောင်မကွဲ စည်းလုံးခဲ့တဲ့အတွက် တပါတီစနစ်ကို ဖြုတ်ချနိုင်ခဲ့ပါတယ်။ ဒါတောင် ခက်ခက်ခဲခဲ အသက်ပေါင်းများစွာနဲ့လဲပြီး ယူခဲ့ရပါတယ်။ ဒါတောင် ၁၉၉၀ မှာ ပြည်သူ့ပါတီ အန်အယ်လ်ဒီဟာ အာဏာမရခဲ့ပါဘူး။ အဲ့ဒီနောက်ပိုင်း နိုင်ငံရေးဟာ အပြောင်းအလဲကြီး မဖြစ်ခဲ့ပါဘူး။ ဒီကနေ ဆက်ပြီး ခက်ခက်ခဲခဲနဲ့ ပြည်သူတွေဟာ ဆိုးဝါးတဲ့ စနစ်တခုအောက်မှာ ရှင်သန်လာရင်း တပ်မတော် အုပ်ချုပ်မှုအောက်ကနေ ၂၀၀၈ ဖွဲ့စည်းပုံနဲ့အတူ အရပ်သားအစိုးရတရပ်ကို ၂၀၁၀ ခုနှစ်မှာ ပြန်လည်ရရှိခဲ့ပါတယ်။ အရပ်သားအစိုးရဆိုပေမယ့် ယူနီဖောင်းပြောင်း အစိုးရတရပ်လို့ အတိုက်အခံတွေက သတ်မှတ်ခဲ့တဲ့ ဦးသိန်းစိန်အစိုးရ (ခ) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အစိုးရတရပ်ပဲ ဖြစ်ပါတယ်။ ဦးသိန်းစိန် သမ္မတလက်ထက်မှာ ပြည်ခိုင်ဖြိုးအစိုးရဟာ ၂၀၀၈ ဖွဲ့စည်းပုံအရ လွှတ်တော်တရပ် ဖွဲ့စည်းပေးနိုင်ခဲ့ပြီး အဲဒီလွှတ်တော်ထဲမှာလည်း အစိတ်သားလို့ ခေါ်နေကြတဲ့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းကို ထည့်ပေးထားခဲ့တာ ယနေ့အထိပါပဲ။ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေကို ဘာလို့ ထည့်ပေးထားသလဲဆိုရင် နိုင်ငံရေးလေ့လာသူ အချို့ကတော့ မြန်မာနိုင်ငံ အခြေအနေဟာ အာဏာရှင်လက်အောက်မှာ နေသားကျနေတဲ့အတွက် အဖက်ဖက်က မှောင်ပိတ်နေတဲ့ အခန်းထဲက ထွက်လာမယ့် ပြည်သူတွေအတွက် ဒီမိုကရေစီအရေးလမ်းမှာ စမ်းတဝါးဝါး လျှောက်ရင်း နောက်ထပ် တပါတီ အာဏာရှင်စနစ်ကို ပြန်လည်ရောက်သွားမှာ စိုးတဲ့အတွက် ရေရှည်မျှော်လင့်ချက်လို့ ယူဆကြပြန်ပါတယ်။ အရင် စစ်ဗိုလ်ချုပ်ကြီး တချို့ကလည်း မြန်မာပြည်ဟာ တကယ့်စစ်မှန်တဲ့ ဒီမိုကရေစီလမ်းပေါ် ရောက်သွားရင် စစ်တန်းလျားကို ပြန်မယ်လို့ ပြောဆိုခဲ့တာတွေနဲ့ ဆက်စပ်ပြီး အချို့ကလည်း တကယ်ပဲ စစ်တန်းလျားကို အချိန်တန်ရင် ပြန်မယ်လို့ ယုံကြည်နေကြပါတယ်။ ဒါပေမယ့် ဆိုးဝါးတဲ့သမိုင်းကြောင့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ ပြည်သူတွေရဲ့ အပြောင်းအလဲကို အရမ်းမျှော်လင့်နေတာကြောင့် အန်အယ်လ်ဒီပါတီကို အပြည့်အဝ ထောက်ခံလိုက်တဲ့အတွက် ပြည်ခိုင်ဖြိုးပါတီဟာ မဲရှုံးခဲ့ပြီး အန်အယ်လ်ဒီပါတီနဲ့အတူ သမ္မတ ဦးထင်ကျော် အစိုးရတရပ် ဖွဲ့စည်းနိုင်ခဲ့ပါတယ်။ ဒီကြားထဲ ဦးထင်ကျော်ဟာ သမ္မတသက်တမ်း ၂ နှစ်အတွင်း လက်ရှိ နိုင်ငံတော်သမ္မတကြီး ဦးဝင်းမြင့်ကို ပြန်လည်ပြီး သမ္မတနေရာ လွှဲပေးခဲ့ရပြန်ပါတယ်။ နိုင်ငံတော်သမ္မတကြီး ဦးဝင်းမြင့် ပြောင်းလာတော့ ပြည်သူအချို့နဲ့ နိုင်ငံရေးသုံးသပ်သူ အချို့ကတော့ သမ္မတကြီး ဦးဝင်းမြင့်ကို တရားရေးက လာတဲ့အတွက် နိုင်ငံတွင်း တရားဥပဒေစိုးမိုးရေးအတွက် အထူးမျှော်လင့်ကြပြန်ပါတယ်။ ဒီကြားထဲမှာလည်း သမ္မတဦးဝင်းမြင့် လက်ထက်အတွင်းမှာလည်း ပြည်တွင်းမှာ တရားဥပဒေစိုးမိုးရေးအတွက် အလေထားလုပ်ခဲ့ပြီး အန်အယ်လ်ဒီအစိုးရက ခန့်အပ်ထားတဲ့ တရားရေးဝန်ထမ်းတွေကို အရေးယူမှုတွေ ပြုလုပ်ခဲ့တာ တွေ့ရပါတယ်။ ဒါပေမယ့် ဒေသတော်တော်များများမှာတော့ အကြမ်းဖက်သတ်ဖြတ်မှု၊ ခိုးဆိုး လုယက်မှုတွေ အများအပြား ဖြစ်ပေါ်ခဲ့တာကြောင့် ပြည်သူတွေအတွင်း စိုးရိမ်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ကုန်ဈေးနှုန်းတက်လာမှုနဲ့ မဏ္ဍိုင်တရပ်အဖြစ် ပုံဖော်ထားတဲ့ မီဒီယာအပေါ် တရားစွဲဆိုမှုတွေလည်း ဖြစ်ပေါ်ခဲ့ပါတယ်။ ခု ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီပါတီဟာ အားလျော့လာပြီး ပြည်ခိုင်ဖြိုးပါတီဟာ လူထုထောက်ခံမှု ပြန်လည်ရရှိလာပြန်ပါတယ်။ ဒါက ဘာကြောင့်လဲ။ ကျနော် အစောက ပြောထားခဲ့တဲ့ အရာတွေနဲ့ ဆက်စပ်နေတယ်လို့ ကျေန်ာကတော့ ယူဆပါတယ်။ အကြီးမားဆုံး စိန်ခေါ်မှုကတော့ ဘာသာရေးလို့ ထင်ပါတယ်။ အရင်က နိုင်ငံတိုးတက်ပြောင်းလည်းရေး အာဏာရှင်စနစ် ဖြုတ်ချရေးမှာ အန်အယ်လ်ဒီနဲ့အတူ ကျောင်းသား ကျောင်းသူ ပြည်သူ ရဟန်း အင်အားပေါင်းစုပြီး အတူတူ သွေးချွေးတွေနဲ့ ပေးဆပ်ခဲ့ကြတာ အားလုံးအမြင်ပဲ ဖြစ်ပါတယ်။ ယနေ့ ၂၀၁၅ နောက်ပိုင်းမှာတော့ အန်အယ်လ်ဒီဟာ ရဟန်းသံဃာတွေ ကျောင်းသားတွေ အချို့နဲ့ အတိုက်အခံလို ဖြစ်ပေါ်လာခဲ့ပါတယ်။ ဒါက ပြည်သူရိုးရိုးသားသားအမြင် ဖြစ်ပါတယ်။ အစိုးရတရပ်ဟာ ပြည်သူ့အတွက် ဖြစ်တာကြောင့် ပြည်သူတွေရဲ့ ရိုးရိုးသားသား အမြင်တွေကို အလေးထားရမယ်လို့ ယူဆပါတယ်။ ယနေ့ ပြည်သူ့ထောက်ခံမှု ပြန်လည်ရရှိလာတဲ့ ပြည်ခိုင်ဖြိုးဟာလည်း ဒီလိုအချက်တွေကြောင့် တဖက်ပြည်သူအချို့ ထောက်ခံမှု ရရှိသွားခဲ့တဲ့ အားသာချက်ကြောင့် ပြည်ခိုင်ဖြိုးပါတီဟာ ပြည်သူထောက်ခံမှု ပြန်လည်ရရှိခဲ့ပါတယ်။ ပြည်ခိုင်ဖြိုးပါတီမှာ ၂၀၁၅ တုန်းက ပြည်တွင်းငြိမ်းချမ်းရေးအတွက် တနိုင်ငံလုံးဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး အန်စီအေအတွက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့ထိ စည်းရုံးနိုင်ခဲ့ပြီး ၂၁ ရာစုပင်လုံ ပြည်ထောင်စု ငြိမ်းချမ်းရေး ဒုတိယညီလာခံကို အန်အယ်လ်ဒီက တာဝန်ယူ ဆောင်ရွက်ချိန်မှာတော့ ကေအန်ယူရဲ့ ငြိမ်းချမ်းရေး အစည်းအဝေးတိုင်းကို အစည်းအဝေးတက်ခွင့် ယာယီရပ်ဆိုင်းလိုက်တဲ့ အနေအထားထိ ဖြစ်လာခဲ့တာကလည်း လက်ရှိ အစိုးရရဲ့ အင်အားကို ကျဆင်းစေခဲ့တဲ့ အချက်တချက် ဖြစ်မယ်လို့ ယူဆစရာ ဖြစ်လာပါတယ်။ နောက်ထပ် ပြည်ခိုင်ဖြိုးအားသာချက်တွေက ၂၀၁၀-၁၅ အတွင်း ပြည်သူတွေနဲ့ အနီးကပ်ဆုံးဖြစ်တဲ့ ဆက်သွယ်ရေး တယ်လီဖုန်းဆင်းကတ်တွေ ပြည်သူတွေလက်ထဲ ထည့်ပေးခဲ့တာနဲ့ စကားပြောအခွန် ၅ ရာခိုင်နှုန်းကို ယာယီရပ်ဆိုင်းခဲ့တာတွေလည်း သက်ရောက်မှုတရပ် ဖြစ်ခဲ့ပါတယ်။ လက်ရှိ အန်အယ်လ်ဒီအစိုးရ လက်ထက်မှာ ဖုန်းစကားပြော အခွန် ၅ ရာခိုင်နှုန်းနဲ့ စားသုံးသူအခွန်ကအစ ကောက်ခံလာတဲ့အတွက် မဖွံ့ဖြိုးသေးတဲ့ ပြည်သူအချို့ရဲ့ ယုံကြည်မှု လျော့လာတာတွေကိုလည်း အန်အယ်လ်ဒီက ခံယူခဲ့ရမှာပါ။ ကျေနာ့်လေ့လာချက်တွေကို အပေါ်မှာ တင်ပြခဲ့သလို ပုံစံနဲ့သာ လက်ရှိ အန်အယ်လ်ဒီပါတီဟာ လက်ကျန်သက်တမ်းကို ဆက်သွားနေမယ်ဆိုရင် အုပ်စုကွဲနေတဲ့ ဘာသာရေး လူမျိုးရေး ပြည်သူတွေကို ဆက်ပြီး မစည်းရုံးနိုင်ရင်တော့ လက်ရှိ ပါတီထောက်ခံသူတွေကိုလည်း မထိန်းသိမ်းနိုင်ခဲ့ရင်တော့ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီပါတီဟာ ၂၀၁၅ ရွေးကောက်ပွဲလို သောင်းပြို ကမ်းပြိုတော့မှာ မဟုတ်တော့ဘူးဆိုတာ ….. ။ တကယ်တော့ ကျေနာ် တင်ပြခဲ့တဲ့ အချက်တွေဟာ ပညာရှင်တွေ၊ နိုင်ငံရေးလှုပ်ရှားသူတွေရဲ့ ခမ်းနားကြီးကျယ်တဲ့အမြင် မဟုတ်ပါဘူး။ သာမန်ပြည်သူပြည်သားတွေရဲ့အမြင် ဖြစ်ပါတယ်။ တိုင်းပြည်နိုင်ငံတခုမှာ ပြည်သူတွေအတွက်က ပြည်သူနဲ့တန်တဲ့ အစိုးရကိုပဲ ရကြမှာဖြစ်တာကြောင့် လက်ရှိပြည်သူတွေရဲ့ အမြင်အရိုးတွေကို (ပြည်သူတွေအများစုဟာ နောက်ကွယ်အကြောင်းတရားတွေထက် သူတို့ စားဝတ်နေရေးကိုပဲ မြင်တတ်တာ သဘာဝတရား) အစိုးရတရပ်ဟာ အလေးထားပြီး တိုးတက်တဲ့ ဖွံ့ဖြိုးတဲ့နိုင်ငံ တည်ဆောက်ရေး ပြည်သူတွေ လက်ခံတဲ့ အရိုးဆုံးနည်းတွေကို သုံးသပ်ရင်း ထည့်သွင်းစဉ်းစားနိုင်ပါစေဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီဆောင်းပါးကို ရေးသားတင်ပြလိုက်ရပါတယ်။        ။ မင်းရဲစစ်နိုင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024