DVB Logo
Home
မြန်မာသတင်း
သမ္မတသ၀ဏ်လွှာပါ ရခိုင်အရေးမှတ်တမ်းအချက်အချို့ မတော်တဆ မှားယွင်းမှုဟုဆို
DVB
·
August 26, 2012
သမ္မတသ၀ဏ်လွှာပါ ရခိုင်အရေးမှတ်တမ်းအချက်အချို့ မတော်တဆ မှားယွင်းမှုဟုဆို
Donate to DVB

သမ္မတသ၀ဏ်လွှာနဲ့အတူ ဖော်ပြပါရှိတဲ့ ရခိုင်အရေးသတင်း မှတ်တမ်းပါ အချက် အချို့ဟာ မတော်တဆမှားယွင်းမှုကြောင့် ဖြစ်တာလို့   သမ္မတရုံးအဖွဲ့ တာဝန်ရှိသူတွေက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ဩဂုတ် ၂၄ ရက်မှာ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ (အာအန်ဒီပီ) က လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ အလွတ်သဘော လာရောက် တွေ့ဆုံဆွေး နွေးသွားတဲ့ သမ္မတရုံးညွှန်ကြားရေးမှူးက အခုလို ပြောဆိုသွားတာလို့ တွေ့ဆုံရာမှာ ပါဝင်ခဲ့သူ အာအန်ဒီပီပါတီ ကျောက်ဖြူမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘရှင်က ပြောပါတယ်။

“သူတို့ မတော်တဆမှားသွားတယ်လို့ ပြောတယ်။ သူတို့ မှားတယ်လို့ ပြောတဲ့အတွက်ကြောင့် အန်ကယ်တို့က ဘာပဲဖြစ်ဖြစ် နှစ်ပေါင်း ၂၀၊ ၃၀ လောက်က ဘာပဲလုပ်လုပ် မှားသွားတယ်လို့ တခါမှ မပြောဘူးတဲ့ လူ့အဖွဲ့အစည်းမှာ ဒါ ထူးထူးခြားခြား တွေ့ရတာပဲ။

ရခိုင်အရေးသတင်းမှတ်တမ်းပါ သုံးသပ်ချက်တချို့ဟာ ရခိုင်တိုင်းရင်းသားတွေကို စော်ကားပြစ်တင်ထားတယ်ဆိုပြီး ရခိုင်ပါတီ ကိုယ်စားလှယ်တွေက ဩဂုတ် ၂၃ ရက် လွှတ်တော်မှာ ကန့်ကွက်ခဲ့လို့ သမ္မတသ၀ဏ်လွှာကို ဖတ်ကြားမှတ်တမ်းတင်ဖို့ မလုပ်နိုင်ခဲ့ပါဘူး။

ဒီအပေါ်မှာ သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးနဲ့ တခြားတဦးတို့ လာရောက် တွေ့ဆုံဆွေးနွေးကြတာဖြစ်ပြီး ရခိုင်ပါတီဘက်က ဒေါက်တာ အေးမောင်၊ ဦးဘရှင်၊ ဦးဖေသန်း၊ ဦးထွန်းအောင်ကျော်နဲ့ ဦးအုန်းတင်တို့ ပါဝင်ခဲ့ကြပါတယ်။

သမ္မတရဲ့ သ၀ဏ်လွှာနဲ့အတူ ပါရှိလာတဲ့ ဒီသတင်းမှတ်တမ်းကို သမ္မတ မသိလိုက်ဘဲ ပါလာတာ ဖြစ်နိုင်ပါ့မလားဆိုတာနဲ့ပတ်သက်ပြီး ဦးဘရှင်က အခုလိုပြောပါတယ်။

“ဒီလိုတော့ ဖြစ်နိုင်တယ်။ သမ္မတကြီးက ဒီလောက်အလုပ်များတဲ့အခါမှာ ဟိုလူက ဟိုဟာဖတ်ပြ၊ ဒီလူက ဒီဟာဖတ်ပြဆိုတော့ သမ္မတကြီးအနေနဲ့ ကိုယ့်မျက်စိတော့ မကျနိုင်တာတော့ သေချာတယ်။ လုံးဝယုံကြည်တယ်။ ဒါပေမယ့် သမ္မတကြီးကို ပြောနိုင်တာက ကျနော်တို့ နိုင်ငံရေးအခြေအနေ သုံးသပ်ချက်ပါ တွဲပေးလိုက်ပါမယ် သမ္မတကြီးလို့ ဆိုရင် နိုင်ငံရေး အခြေအနေ သုံးသပ်ချက်ကို သမ္မတကြည့်ပြီးတော့ ယေဘုယျလောက်တော့ ပြောမှာပေါ့။”

သမ္မတနားမှာ ရှိနေသူတချို့ကြောင့် တိုင်းရင်းသားစည်းလုံးညီညွတ်မှု ထိခိုက်နိုင်တယ်လို့လည်း  ဦးဘရှင်က သုံးသပ်ပြောကြားပါတယ်။

“သမ္မတကြီးရဲ့ အနီးအနားမှာရှိတဲ့သူတွေမှာ ဒီလို အန်ကယ်တို့ ရခိုင်တိုင်းရင်းသား တမျိုးလုံးအပေါ်မှာ ဒီလိုစိတ်ထားမျိုးတွေ တယောက်မဟုတ်တယောက်မှာ ရှိနေပြီဆိုတာ အန်ကယ်တို့ စွပ်စွဲတာမဟုတ်ဘူး၊ မစွပ်စွဲပါဘူး။ ရေးထားတဲ့စာအရ တကမ္ဘာလုံးက မြင်ကြတာပဲ။ သမ္မတကြီးနဲ့ အန်ကယ်တို့ ရခိုင်တိုင်းရင်းသားနဲ့ ဒီလိုပြဿနာဖြစ်တယ်၊ နောက်တခါ နောက်တိုင်းရင်းသားတမျိုးနဲ့ ဒီလိုပြဿနာဖြစ်ရင် တိုင်းပြည်မှာ ဘယ်လိုလုပ်ပြီးတော့ တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို ရမလဲ။”

သမ္မတ သ၀ဏ်လွှာနဲ့အတူ ပါရှိခဲ့တဲ့ ရခိုင်အရေးသုံးသပ်ချက်တွေဟာ သမ္မတရဲ့ သုံးသပ်ချက် မဟုတ်ပါဘူးလို့ သမ္မတရုံး ညွှန်မှူးရဲ့ ဖေ့စ်ဘွတ်အင်တာနက်စာမျက်နှာမှာ ဩဂုတ် ၂၄ ရက်နေ့က ရေးသားဖော်ပြခဲ့ပြီးနောက် အခုလို ရခိုင်ပါတီကိုယ်စားလှယ်တွေနဲ့ သွားရောက်တွေ့ဆုံဆွေးနွေးခဲ့တာလည်း ဖြစ်ပါတယ်။
ဒီအကြောင်းနဲ့ပတ်သက်ပြီး သမ္မတရုံး တာဝန်ရှိသူတွေကို ဒီဗွီဘီက သီးခြား ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013