ယီမင်နိုင်ငံအတွင်း အာဟာရချို့တဲ့မှုကြောင့် ကလေးငယ်များ သေဆုံးမှုဖြစ်

3.1K
ယီမင်နိုင်ငံအတွင်း စစ်ဖြစ်နေတဲ့ ဘက် ၂ ဖက်စလုံးက အကူအညီတွေ ပို့မရအောင် ပိတ်ဆို့ထားလို့ ကလေးတွေ အာဟာရချို့တဲ့ပြီး သေဆုံးနေရတယ်လို့ ကုလသမဂ္ဂကလေးများ အရေးပေါ် ရန်ပုံငွေအဖွဲ့ကြီး ယူနီဆက်ဖ်က ပြောလိုက်ပါတယ်။
ကာကွယ်နိုင်တဲ့ ရောဂါတွေနဲ့ ဆိုးရွားတဲ့ အာဟာရချို့တဲ့မှုကြောင့် ဆယ်မိနစ်တိုင်းမှာ အသက်ငါးနှစ်အောက် ယီမင်ကလေးတယောက် သေဆုံးနေရတယ်လို့ ကုလသမဂ္ဂ အကြီးတန်း အရာရှိတယောက်က နိုဝင်ဘာ ၃ ရက်မှာ ပြောပါတယ်။
အသက်ကယ် အထောက်အပံ့တွေ တင်ထားတဲ့ ကုန်ကားတွေကို ဆိပ်ကမ်းတွေမှာ ပိတ်ဆို့ထားတာခံရလို့ စာနာနဲ့ ဟိုဒေးဒါ မြို့တွေက မိသားစု အများအပြားဟာ သောက်ရေ၊ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေ ပြတ်လပ်နေပါတယ်။
ယီမင်ကလေးငယ် အယောက် ၁.၈ သန်းဟာ အာဟာရချို့တဲ့နေပြီး အယောက် ၄ သိန်း ကျော်ကတော့ အင်မတန်ဆိုးရွားတဲ့ အာဟာရပြတ်လပ်မှုကို ခံစားနေရတယ်။
အရိုးပေါ် အရေတင်ဖြစ်နေတာကြောင့် အသက်ဘေး ရှိတဲ့အဆင့်မှာ ရှိနေတယ်လို့ ယူနီဆက်ဖ်ရဲ့ အရှေ့အလယ်ပိုင်းဆိုင်ရာ ညွန်မှူး ဂီးထ် ကာပေလေရာက ပြောပါတယ်။
“စာနာနဲ့ ဟိုဒေးဒါမြို့တွေက မိသားစုတွေနဲ့ တွေ့ခဲ့တယ်၊ ကလေးတွေအတွက် အရေးပါတဲ့ ဟင်းသီးဟင်းရွက်တွေ၊ သစ်သီးတွေ ထပ်မရတော့ဘူးလို့ သူတို့က ပြောပါတယ်။ သောက်ရေ မရတာက နောက်ထပ် အရေးကြီးတဲ့ ပြဿနာဖြစ်လို့ ဝမ်းလျှောဝမ်းပျက်နဲ့ အဟာရ ချို့တဲ့တာတွေ ဖြစ်နေတယ်။”
ပင်လယ်နီဆိပ်ကမ်းမြို့ ဟိုဒေးဒါဟာ ယီမင်ရဲ့ ပြည်တွင်းသွင်းကုန်အများစုကို လက်ခံ သယ်ပို့ရာနေရာပါ။ နိုင်ငံတွင်း အသည်းအသန် လိုအပ်နေတဲ့ စားနပ်ရိက္ခာနဲ့ အကူအညီတွေကို ဒီဆိပ်ကမ်းကနေ သယ်ပို့ပါတယ်။
ဒါပေမယ့် နိုင်ငံတွင်း ၃ နှစ်ခွဲကြာ စစ်ပွဲကြောင့် အာရပ်ကမ္ဘာရဲ့ အဆင်းရဲဆုံးနိုင်ငံဟာ အငတ်ဘေး ဆိုက်မယ့်ကိန်းထဲ ရောက်နေပါပြီ။
အီရန်က ကျောထောက်နောက်ခံပေးထားတဲ့ ဟူသီသူပုန်တွေနဲ့ ဆော်ဒီဦးဆောင်တဲ့ ညွန့်ပေါင်းတပ်က ကျောထောက်နောက်ခံပေးထားတဲ့ ယီမင်အစိုးရတပ်ကြား အပစ်အခတ် ရပ်စဲနိုင်ရေး ဒီလထဲမှာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲလုပ်နိုင်ဖို့ ယီမင်နိုင်ငံဆိုင်ရာ ကုလသံတမန်က ရည်မှန်းထားပါတယ်။