Live
Home
မြန်မာသတင်း
ကျောက်မဲတွင် ကျွဲတင်ကားအပစ်ခံရပြီး လူ ၁ဦးသေဆုံး၊ ကျွဲ ၂ ကောင်ဒဏ်ရာရ
နန်းမြနဒီ
·
November 5, 2018
ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ စခန်းသာကျေးရွာအနီးမှာ ယမန်နေ့ညက ကျွဲတင်လာတဲ့ သုံးဘီးယာဉ်တစ်စီး သေနတ်နဲ့ အပစ်ခံရပြီး  ယာဉ်မောင်းသူသေဆုံးသွားပါတယ်။ ကျောက်မဲမြို့ကနေ  မန္တလေးဘက်အဆင်း ၇ မိုင်ခန့်အကွာ စခန်းသာကျေးရွာအ၀င်မှာ မနေ့ည၈ နာရီလောက်က သေနတ်သံကြားရလို့ သက်ဆိုင်ရာလုံခြုံရေးရဲတပ်ဖွဲ့တွေက သွားရောက်စစ်ဆေးရာမှာ သေဆုံးနေတဲ့ ကားသမားနဲ့ ဒဏ်ရာရ ကျွဲ  ၂ ကောင်ကို တွေ့ရှိခဲ့တာလို့ ကျောက်မဲမြို့ ဇီဝိတလူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးတင်မောင်သိန်းက ပြောပါတယ်။ “  မနေ့ညက သူတို့ဆီမှာ သေနတ်သံကြားတယ်လို့ ရွာသားတွေက ဖုံးဆက်အကြောင်းကြား လာတယ်ခင်ဗျ။ သူတို့တော့ ဘယ်သူမှအပြင်မထွက်ရဲကြဘူးတဲ့။  ဒါနဲ့ ကျနော်လည်း လုံခြုံရေးရဲ ဘက် အကြောင်းကြားလိုက်တယ်။ ရဲတွေသွားစစ်တော့ ကားသမားက နဖူးနဲ့ နားထင်နားမှာ သေနတ်ဒ ဏ်ရာ ၂ ချက်တွေ့တယ်။  ” သေဆုံးသူဟာ ကျောက်မဲမြို့ နမ့်တုံရပ်ကွက်နေ ထက်မြက် ခေါ် ညိုလုံး အသက် ၂၅ နှစ်ဖြစ်ပြီး ကျွဲနှစ်ကောင်ဟာ ကျောက်မဲက သားသတ်လိုင်စင်ရထားသူ ကိုဖိုးလုံး ပိုင်ဆိုင်တဲ့ ကျွဲတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ ကျောက်မဲမြို့နယ်မှာ  ကျွဲနွားတင်တဲ့ ကားတွေ မကြာခဏ အပစ်ခံရလေ့ရှိပြီး  ဒီနှစ်ထဲမှာ ( ၇ ) ကြိမ်ရှိသွားပြီဖြစ်ကာ လူ ( ၉  ) ဦး သေဆုံးခဲ့ရပါတယ်။ အပစ်ခံရတဲ့ ကျွဲနွားတင်ကားတွေဟာ  အများအားဖြင့် တရုတ်နယ်စပ်သို့ သွားရောက်ရောင်းချဖို့ သယ်ဆောင်သွားတာဖြစ်ပြီး ကျွဲနွားတွေကို တရားဝင်တင်သွင်းခွင့်မရခင်က တောလမ်းကနေ လက်နက်ကိုင်အဖွဲ့ အစည်းတွေထံ  ဆက်ကြေးပေးကာ သယ်ဆောင်ကြရပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် အောက်တိုဘာလက စီးပွားကုန်သွယ်ရေးဝန်ကြီးဌာနက ကျွဲနွားတွေကို အခွန်ငွေသွင်းပြီး သယ်ဆောင်ခွင့်ပြုခဲ့တဲ့နောက်ပိုင်း တရားဝင်လမ်းကြောင်းကနေ သယ်ဆောင်ရ ပေမယ့် အခုလိုချောင်းပစ်ခံရတာတွေက မကြာခဏ ဆိုသလိုရှိနေတယ်လို့ ကျောက်မဲဒေသခံ တဦးက ပြောပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024