Home
မြန်မာသတင်း
ကန်ပက်လက်တွင် အန်အယ်လ်ဒီပါတီကိုယ်စားလှယ်လောင်း အနိုင်ရ
DVB
·
November 4, 2018
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ပြည်သူ့လွှတ်တော်လစ်လပ်နေရာအတွက် ရွေးကောက်ပွဲ မဲရလဒ်ကို ဒီနေ့ ညနေပိုင်းက ကြေညာခဲ့ပြီး အန်အယ်လ်ဒီပါတီက  အနိုင်ရရှိသွားတယ်လို့ သိရပါတယ်။ အနိုင်ရရှိခဲ့တဲ့ အန်အယ်လ်ဒီပါတီ ကိုယ်စားလှယ်လောင်း ဦးညွန့်ဝင်းက “မဲပေးခဲ့တဲ့ ပြည်သူတွေအနေနဲ့ ကျနော်ကို ယုံယုံကြည်ကြည် စိတ်ချလက်ချနဲ့ မဲ ၅၀၀ ကျော်အကွာနဲ့ အနိုင်ပေးခဲ့တဲ့အတွက် ပြည်သူလူထုကို အထူးပဲ ကျေးဇူးတင်တဲ့အကြောင်းနဲ့ ပြည်သူ့ဘက်မျက်နှာမူပြီး တိုင်ပင်နှီးနှော်ပြီး ပြည်သူ့လိုအပ်ချက်တွေကို ညှိနှိုင်းဆောင်ရွက်မယ့်အကြောင်း ပြောချင်ပါတယ်။ အဓိက ချင်းတောင်ဒေသအနေနဲ့ ပညာ၊ ကျန်းမာရေး ကဏ္ဍတွေရှိမယ်၊ နောက်ပြီးတော့ အဓိက လမ်းပန်းဆက်သွယ်ရေးကဏ္ဍမှာ ဦးစားပေးလုပ်ဆောင်ရမယ်လို့ ကျနော်ယုံကြည်ပါတယ်” လို့ ပြောပါတယ်။ ကျန်ရှိနေတဲ့ အစိုးရသက်တမ်း ၂ နှစ်တာကာလအတွင်းမှာ ပြည်သူအတွက် အတတ်နိုင်ဆုံးကြိုးစားပေးသွားမယ်လို့ ဆိုပါတယ်။ “အတတ်နိုင်ဆုံး ကြိုးစားဖို့တော့ ပြင်ဆင်ထားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျန်ရှိတဲ့ သက်တမ်း ၂ နှစ်တာကာလအတွင်းမှာ ကိုယ်စားလှယ်တဦးရဲ စွမ်းဆောင်ရည်ပြသနိုင်ဖို့ဆိုတာတော့ အရမ်း ခက်ခဲပါလိမ့်မယ်။ ဒါပေမယ့် ကိုယ်တတ်နိုင်တဲ့ဘက်ကနေ မဖြစ်မနေ ကြိုးစားသင့်တဲ့အရာတွေကို ကြိုးစားဆောင်ရွက်ဖို့တော့ သန္နိဋ္ဌာန်ချထားပါတယ်။ ကန်ပက်လက်မြို့နယ် ကြားဖြတ်ရွေးကောက်ပွဲမှာ မဲပေးသူ ၁၂၄၄၉ ယောက်ရှိလို့ ၈ဝ ရာခိုင်နှုန်းလောက်မဲပေးတယ်လို့ ခန့်မှန်းထားပါတယ်။ ကန်ပက်လက်မြို့နယ် ပြည်သူလွှတ်တော်ကိုယ်စားလှယ်နေရာအတွက် ပါတီလေး ခု ၀င်ပြိုင်ရာမှာ  ချင်းအမျိုးသား ဒီမိုကရက်တစ်ပါတီက မဲရလဒ် ၂၄၄၅ မဲ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ၃၀၈၃ မဲ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ၂၅၂၇ မဲ၊ ချင်းတိုးတက်ရေးပါတီက ၂၄၂ မဲ အသီးသီးရရှိခဲ့ပါတယ်။ မြန်မာတနိုင်ငံလုံးမှာ ကျင်းပပြုလုပ်နေတဲ့ မဲဆန္ဒနယ် ၁၃ နေရာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ၇ နေရာ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ၃ နေရာ၊ ချင်းဒီမိုကရေစီအဖွဲ့ချုပ်က ၁ နေရာ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်က ၁ နေရာ၊ ရခိုင်ပြည်နယ် ရသေ့တောင်မှာ တစ်သီးပုဂလ ကိုယ်စားလှယ် ဦးတင်မောင်ဝင်းက အသီးသီး အနိုင်ရခဲ့ပါတယ်။ အောင်ကိုလတ်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024