အိန္ဒိယတွင် ရေတွင်းထဲ ပြုတ်ကျသွားသည့် ဆင်လေးကို ကယ်ဆယ်

ရေတွင်းတစ်တွင်းထဲ ပြုတ်ကျသွားတဲ့ ဆင်ငယ်တကောင်ကို အိန္ဒိယနိုင်ငံ တောရိုင်း တိရစ္ဆာန်စောင့်ရှောက်ရေး အဖွဲ့ဝင်တွေက မြေတူးစက်တခုကို အသုံးပြုပြီး ကယ်တင်ခဲ့တယ်လို့ UPI သတင်းမှာ ဖော်ပြပါတယ်။ ဒီဖြစ်ရပ်ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁ ရက်နေ့က အိန္ဒိယနိုင်ငံ အိုဒီရှာပြည်နယ်က ပိုဟာလာကျေးရွာမှာ ဖြစ်ပွားခဲ့တာပါ။ ဆင်ဟာ အနက် ၃၅ ပေရှိတဲ့ ရေတွင်းထဲကို မတော်တဆ ပြုတ်ကျသွားခဲ့တာဖြစ်ပြီး သူ့ကို ကယ်ဖို့ နည်းလမ်းများစွာထဲကမှ မြေတူးစက်ကို အသုံးပြုခဲ့တာပဲဖြစ်ပါတယ်။ ဆင်လေးဟာ ခန့်မှန်းခြေ ၈ နှစ်သားလောက်ရှိပြီလို့ သိရပြီး ကယ်ဆယ်ဖို့ အိန္ဒိယနိုင်ငံရဲ့ သစ်တောဝန်ထမ်းတွေကိုလည်း အကူအညီတောင်းခံခဲ့ရပါတယ်။ အဲ့ဒီနောက်မှာတော့ ဝန်ထမ်းတွေနဲ့ ရွာသားတွေပူးပေါင်းကာ ဆင်လေးကို တွင်းထဲကနေ ထွက်နိုင်ဖို့ ဘေးကနေ အပေါက်တပေါက်ဖောက်ကာ မြေတူးစက်အကူအညီနဲ့ ကယ်ဆယ် နိုင်ခဲ့တာပါ။ ဆင်လေးကို ကယ်ဆယ်နေချိန်မှာ သူ့ရဲ့အပေါင်းအပါ ဆင်အုပ်ကလည်း အနီးအနားကို ရောက်ရှိနေကြောင်း သတင်းမှာ ဖော်ပြပါတယ်။

More News
Up