DVB Logo
Home
မြန်မာသတင်း
PNLO နှင့် အစိုးရ အပစ်အခတ်ရပ်စဲရေး ပြည်နယ်အဆင့် ပဏာမသဘောတူ
DVB
·
August 25, 2012
PNLO နှင့် အစိုးရ အပစ်အခတ်ရပ်စဲရေး ပြည်နယ်အဆင့် ပဏာမသဘောတူ
Donate to DVB

မြန်မာအစိုးရကို ဆယ်စုနှစ်တွေနဲ့ ချီ လက်နက်ကိုင်တော်လှန်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ ချုပ် (PNLO) နဲ့ အစိုးရအကြား ပြည်နယ်အဆင့် အပစ်အခတ် ရပ်စဲရေး ပဏာမ သဘောတူ လက်မှတ်ရေးထိုးလိုက်ပါတယ်။

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) နဲ့ ရှမ်းပြည်နယ်အစိုးရက ဖွဲ့ပေးထားတဲ့ ပြည်နယ်အဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ ဒီနေ့မနက် ရှမ်းပြည်နယ် တောင်ကြီးမြို့က တောင်ကြီး ဟိုတယ်မှာ တွေ့ဆုံဆွေးနွေးပြီးနောက် ပဏာမ ငြိမ်းချမ်းရေး သဘောတူညီမှု ရခဲ့တာပါ။

ဆွေးနွေးပွဲရလဒ်အဖြစ် အပစ်အခတ်ရပ်စဲရေးအပါအ၀င် အချက် (၅) ချက်ကို သဘောတူ လက်မှတ်ရေးထိုးနိုင်ခဲ့တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် ခွန်မြင့်ထွန်းက ပြောပါတယ်။

“အပစ်အခတ်ရပ်စဲရေးအတွက် ကျနော်တို့ သဘောတူချက် ၅ ချက်ကတော့ ၂၀၁၂ ဩဂုတ်လ ၂၅ ရက်နေ့ကစပြီးတော့ နှစ်ဦးနှစ်ဖက် ပစ်ခတ်တိုက်ခိုက်မှုတွေကို ရပ်ဆိုင်းဖို့၊ နှစ်ဖက်သဘောတူညီညှိနှိုင်းရရှိထားတဲ့ သတ်မှတ်နေရာတွေမှာ နေထိုင်ဖို့၊ သတ်မှတ်နေရာကနေ အခြားနေရာတွေကို လက်နက်ဖြင့် သွားရောက်ခြင်းမပြုဖို့၊ ဆက်ဆံရေးရုံးတွေ စခန်းတွေကို နှစ်ဖက်သဘောတူထားတဲ့ တောင်ကြီး၊ ဆီဆိုင်နဲ့ မောက်မယ်မြို့တွေမှာ လက်နက်မပါဘဲ ထားရှိဖွင့်လှစ်ဖို့၊ ပြည်ထောင်စုအဆင်ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက်ကို ကိုယ်စားလှယ်အဖွဲ့ကို တရားဝင်ဖွဲ့စည်းပေးနိုင်ဖို့အတွက်နဲ့ ဒီနေ့ကစပြီးတော့ သုံးလမကျော်တဲ့ကာလမှာ ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲကို စတင်နိုင်ဖို့ အချက် ၅ ချက်ဖြစ်ပါတယ်” လို့ ခွန်မြင့်ထွန်းက ပြောပါတယ်။

ငြိမ်းချမ်းရေးသဘောတူညီချက်ကို ပအိုဝ်းပြည်သူ့လွတ်မြောက်ရေးတပ်မတော် စစ်ဦးချုပ် ဗိုလ်မှူးကြီး ခွန်သူရိန်က လက်မှတ်ရေးထိုးပြီး ပြည်နယ်အစိုးရဘက်ကတော့ ရှမ်းပြည်နယ်နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီးအောင်သူ၊ နောက်အသိသက်သေအဖြစ် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုဥက္ကဋ္ဌ ဦးအောင်မင်းနဲ့ အဖွဲ့ဝင် ဦးခင်မောင်စိုး တို့ လက်မှတ်ရေးထိုးခဲ့တာပါ။

ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ရှမ်းပြည်နယ်အစိုးရ ၀န်ကြီးချုပ် စပ်အောင်မြတ်၊ အရှေ့ပိုင်းတိုင်း တိုင်းမှူး ဗိုလ်ချုပ်စိုးထွဋ် နဲ့ လွှတ်တော်ကိုယ်စားလှယ်တွေလည်း တက်ရောက်ကြပါတယ်။

ဒီနေ့ ညနေပိုင်းမှာ နောက်တဆင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးဖို့အတွက်လည်း ကြိုတင်ညှိနှိုင်းမှုတွေပြုလုပ်ခဲ့ပြီး ရှေ့ဆက်ဆွေးနွေးမယ့် အကြောင်းအရာတွေကို နှစ်ဘက်သဘောတူညီမှု ရခဲ့တယ်လို့လည်း ခွန်မြင့်ထွန်းက ပြောပါတယ်။

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်ဟာ ၀န်ကြီး ဦးအောင်မင်းနဲ့  ပြီးခဲ့တဲ့နှစ် ဒီဇင် ဘာလ ၂၇ ရက်နေ့က တကြိမ်၊ အခုနှစ် ဖေဖော်ဝါရီ ၅ ရက်နေ့က တကြိမ် အလွတ်သဘော တွေ့ဆုံခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လကတော့  ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ဗဟိုအလုပ်အမှု ဆောင်အဖွဲ့ဝင်တွေ မြန်မာနိုင်ငံတွင်း သွားရောက်လေ့လာခဲ့ပြီးနောက် အခု ပြည်နယ်အဆင့်  အပစ်အခတ်ရပ်စဲရေး တွေ့ဆုံဆွေးနွေးနိုင်ခဲ့တာပါ။

[caption id="attachment_29473" align="alignleft" width="300" caption="ဗိုလ်မှူးကြီး ခွန်ဥက္ကာ (ပီအန်အယ်လ်အို)"][/caption]

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် ဥက္ကဋ္ဌ ခွန်ဥက္ကာကတော့ ခုလို အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ခဲ့တဲ့အတွက် ပြည်သူလူထုအတွက် အကျိုးရှိစေမှာ ဖြစ်တယ်လို့ ပြောပါတယ်။

“ပအိုဝ်းပြည်သူတွေအတွက် အခွင့်ပါရင်ပါသလို သူတို့ မျက်စိဖွင့်နားဖွင့် ပညာပေးရေးလုပ်ငန်းတွေ၊ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ပတ်သက်တဲ့ဟာတွေ၊ နိုင်ငံရေးပါတီလုပ်ငန်းတွေနဲ့ ပတ်သက်တဲ့ဟာတွေ၊ လွှတ်တော်လုပ်ငန်းတွေနဲ့ပတ်သက်တဲ့ဟာတွေ လာမယ့် ရွေးကောက်ပွဲတွေအတွက် ပြင်ဆင်ရမယ့်ဟာတွေ၊ အထူးသဖြင့် ၂၀၁၄ မှာ လုပ်မယ့် လူဦးရေသန်းကောင်စာရင်း ကောက်တဲ့အချိန်မှာ ကျနော်တို့ရဲ့ ပအိုဝ်းပြည်သူလူထုတွေက ပါဝင်ပြီးတော့ လုပ်ဆောင်သွားမယ့်ဟာတွေ စသည်ဖြင့် အများကြီးလုပ်ရမယ်။ ကျနော်တို့ လွတ်လွတ်လပ်လပ် လုပ်နိုင်ခွင့်၊ တွေ့ဆုံခွင့်၊ ဆွေးနွေးခွင့်တွေ ရတယ်ဆိုတာပဲ ပြည်သူအတွက် အမြတ်ထွက်ပြီးလို့ ပြောနိုင်ပါတယ်။”

ပအိုဝ်းအမျိုးသားတွေဟာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးအတွက်  လွတ်လပ်ရေးရပြီးကတည်းက မြန်မာအစိုးရ အဆက်ဆက်ကို  လက်နက်ကိုင် တော်လှန်နေခဲ့တာပါ။
ပအိုဝ်းလက်နက်ကိုင်အဖွဲ့တချို့ကတော့  ၁၉၅၈ ခုနှစ်တုန်းကတကြိမ်၊ ၁၉၉၁ ခုနှစ်ကတကြိမ် အစိုးရနဲ့ ငြိမ်းချမ်းရေးယူခဲ့ဖူးပြီး နောက်ဆုံးကျန်နေတဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) က အစိုးရသစ်လက်ထက်မှာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးနိုင်ခဲ့တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013